Thursday, September 20, 2007

ဗုဒ္ဓဂါယာရှိ သံဃာတော်များ မြန်မာ့အရေး ငြိမ်းချမ်းရေး ဆုတောင်းပွဲ ပြုလုပ်

မဇ္ဈိမ သတင်းဌာန
စက်တင်ဘာ ၁၈ ရက်၊ ၂ဝဝ၇ ခုနှစ်

အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာရှိ မြန်မာနှင့် အခြားနိုင်ငံများက သံဃာတော်များက မြန်မာနိုင်ငံတွင်း ငြိမ်းချမ်းရေး ရရှိရေး အတွက် ဆုတောင်းပွဲ တခုကို ယနေ့ နံနက်က ပြုလုပ်ခဲ့ကြသည်။

ဗုဒ္ဓဘုရား ပွင့်တော်မူရာ မဟာဗောဓိပင် အောက်တွင် ပြုလုပ်သည့် ဝတ်ပြု ဆုတောင်းမှုတွင် မြန်မာ စာသင်သား သံဃာတော်များနှင့် ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှားနှင့် အိန္ဒိယနိုင်ငံ အာသံပြည်နယ်မှ ရဟန်းများ ပါဝင်ခဲ့ကြသည်။

“မြန်မာနိုင်ငံမှာ အကျဉ်းကျ ခံနေရတဲ့ ရဟန်းရှင်လူ ပြည်သူအားလုံး အမြန်ဆုံး လွတ်မြောက်ပါစေ” ဆိုပြီး မေတ္တာရှေ့ထားပြီး ရွတ်ဖတ်ကြတာပါ။ အဓိကအားဖြင့် “မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသား အားလုံး ဆင်းရဲဒုက္ခ အပေါင်းက အမြန်ဆုံး လွတ်မြောက်ပါစေ” လို့ ဆုတောင်း မေတ္တာပို့တယ်။ ကမ္ဘာသူ ကမ္ဘာသား အားလုံးအတွက်လည်း ဆုတောင်းတယ်။” ဟု ဆရာတော် တပါးက မဇ္ဈိမ သို့ မိန့်ကြားခဲ့သည်။

နိုင်ငံခြားရောက် သံဃာတော်များကို သက်ဆိုင်ရာ သံရုံး အသီးသီးက စောင့်ကြည့်လေ့ ရှိသဖြင့် နိုင်ငံရေးနှင့် ပတ်သက်သည့် လှုပ်ရှားမှုများကို တိုးတိုးတိတ်တိတ် လုပ်လေ့ ရှိကြသော်လည်း မြန်မာနိုင်ငံတွင်း သံဃာတော်များကို အာဏာပိုင်များက ရိုက်နှက် ဆဲရေး လုပ်လာပြီးသည့် နောက်ပိုင်း ပြည်ပရောက် သံဃာတော်များကြားတွင် အာဏာပိုင်များကို ဆန့်ကျင်မှုများ တိုးမြင့်လာခဲ့သည်။

 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates