Thursday 20 September 2007

ရန်ကုန်သို့ ကြွချီလာသော ပဲခူး သံဃာတော်များ၏ ရထားတွဲ လမ်းခုလပ်တွင် ဖြုတ်ချခံရ

မဇ္ဈိမ သတင်းဌာန
စက်တင်ဘာ ၂ဝ ရက်၊ ၂ဝဝ၇ ခုနှစ်

ရန်ကုန် သံဃာ့ဆန္ဒပြပွဲသို့ ပူးပေါင်းရန် ကြွချီလာသော ပဲခူးမှ သံဃာတော်များ လိုက်ပါလာသည့် ရထားတွဲအား ရန်ကုန်မြို့ မရောက်ခင် တိုးကြောင်လေး ဘူတာ အရောက်တွင် ဖြုတ်ချထားခြင်း ခံခဲ့ရကြောင်း သိရသည်။

သံဃာတော် စုစုပေါင်း အပါး ၁၃ဝ ရှိပြီး အများစုမှာ သာသနာ့မဋိုင် ကျောင်းတိုက်မှ ဖြစ်ကြောင်း၊ ယမန်နေ့ကလည်း အဆိုပါ သံဃာတော်များမှာ ရန်ကုန်သို့ ကားများဖြင့် ကြွချီ သွားကြစဉ် လှည်းကူး အရောက်တွင် အတားဆီး ခံခဲ့ရကြောင်း၊ ပဲခူးမှ ကျောင်းထိုင် ဆရာတော် တပါးက ပြောပါသည်။

“မနေ့က ကားနဲ့သွားတော့ အတားခံရတယ်။ သံဃာတွေကို ရန်ကုန် အဝင်မခံချင်တဲ့ သဘောပေါ့။ ဘုန်းကြီးတွေက ကိုယ့်ရပ်ကိုယ့်ရွာ ပြန်မှာလို့ ပြောကြတယ်။ ဒါကြောင့် ဒီနေ့ အာဏာပိုင်တွေက ရထား စီစဉ်ပေးလို့ ကြွသွားကြတာ” ဟု သာသနာ့မဋိုင် ကျောင်းတိုက်မှ သံဃာတပါးက မဇ္ဈိမ သတင်းဌာနသို့ ပြောကြားသည်။

ပဲခူးမြို့ခံ တဦးကလည်း ပဲခူး သံဃာတော်များကို ရန်ကုန်သို့ ကြွလာ၍ ပူးပေါင်းကြရန် ရန်ကုန်မှ သံဃာတော်တို့က မေတ္တာ ရပ်ခံသဖြင့် ယခုကဲ့သို့ သွားရောက်ကြခြင်း ဖြစ်သည်ဟု ကြားသိရကြောင်း ပြောသည်။

နောက်ဆုံး ရရှိသော သတင်းများအရ ရန်ကုန်မြို့ အတွင်း သံဃာတော် အပါး တထောင်ခန့်သည် အဖွဲ့နှစ်ဖွဲ့ ခွဲ၍ မေတ္တာသုတ် ပရိတ်တော်များ ရွတ်ဆိုကာ လမ်းလျှောက်ကြွချီ ဆန္ဒပြလျှက် ရှိကြောင်း သိရသည်။

ရန်ကုန်မြို့အနှံ့ လုံခြုံရေးများ တင်းကြပ်စွာ ချထားပြီး၊ အချက်အချာ ဖြစ်သည့် မြို့တော်ခန်းမ တဝိုက်တွင် သံဆူးကြိုးများ ကာရံထားကာ တပ်မဟာ (၇၇)မှ အဆင့်မြင့် အရာရှိကြီးများက ရွှေတိဂုံ စေတီတော် ခြေရင်း၊ သွေးဆေးကန် အနီးရှိ ဓမ္မာရုံတွင် ဌာနချုပ် ဖွင့်၍ ရန်ကုန်၏ လုံခြုံရေးကို အနီးကပ် ကွပ်ကဲနေကြောင်း သတင်းများ ရရှိသည်။

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

Links to this post:

Create a Link

<< Home