ဖမ်းဆီးခံ ၈၈ ကျောင်းသား ခေါင်းဆောင် ၄ ဦး ကျန်းမာရေး ဆိုးရွားနေဟု သတင်းထွက်ပေါ်

မဇ္ဈိမသတင်းဌာန
စက်တင်ဘာလ ၂ဝ ရက်၊ ၂ဝဝ၇ ခုနှစ်။

ဖမ်းဆီးခံနေရသူ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင် အပါအဝင် ခေါင်းဆောင် ၄ ဦးသည် ကျန်းမာရေး အခြေအနေ စိုးရိမ်နေရကာ အင်းစိန် ထောင်ဆေးရုံတွင် ဆေးဝါးကုသမှု ခံယူနေရသည်ဟု ကျောင်းသား သတင်းရပ်ကွက်က ပြောသည်။

သြဂုတ်လ ၂၁ ရက်နေ့ ညပိုင်းက အာဏာပိုင်များ၏ လိုက်လံ ဖမ်းဆီးခြင်းခံရသူ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ၁၃ ဦးအနက် ကိုမင်းကိုနိုင်၊ ကိုမြအေး၊ ကိုမားကီးနှင့် ကိုဂျင်မီတို့သည် ယခုအခါ ကျန်းမာရေး အခြေအနေ ဆိုးရွားနေသဖြင့် အင်းစိန်ထောင် ဆေးရုံ သီးသန့် နေရာတွင် ဆေးကုသမှု ခံနေရခြင်း ဖြစ်သည်ဟု ဆိုသည်။

မဇ္ဈိမက အကျဉ်းဦးစီးဌာနသို့ မေးမြန်းရန် ဆက်သွယ်သော်လည်း ဖြေဆိုပေးနိုင်သူများ မရှိကြောင်းသာ အဖြေရသည်။

ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ စောင့်ရှောက်ရေး အဖွဲ့ (မြန်မာနိုင်ငံ) မှ ကိုတိတ်နိုင်က ယခုသတင်းနှင့် ပတ်သက်၍ ကြားသိထားသော်လည်း အတည်ပြုချက် ကြိုးစားဆဲ ဖြစ်ကြောင်း ပြောသည်။

သို့သော် ကိုတိတ်နိုင်က ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များ ပြင်းထန်စွာ နှိပ်စက် ညှဉ်းပမ်းမှု ခံရနိုင်သည်ဟု ပြောသည်။

“အခုကတော့ ရုပ်ပိုင်းဆိုင်ရာ အရ ပိုပြီးတော့ ကြမ်းကြမ်းတမ်းတမ်း နှိပ်စက် ညှဉ်းပမ်းတာတွေ ပိုများလာတယ်လို့ သိရတယ်။ နောက်ပြီး အခုဟာက လမ်းပေါ်မှာ ရိုက်နှက်ပြီး ဖမ်းတာတို့၊ ဝိုင်းအုံပြီးတော့ ခွေးဆွဲသလို ဆွဲတာတို့ ဆိုတာက အရင်တုန်းက မရှိခဲ့ဘူး။ ဆိုတော့ ရုပ်ပိုင်းဆိုင်ရာအရ ညှဉ်းပမ်း နှိပ်စက်မှုက ပြည်သူလူထု ကြားထဲမှာ လူတွေ ရှေ့မှာတောင်မှ ပြောင်လုပ်နေတယ် ဆိုတော့ လူတွေရဲ့ နောက်ကွယ်မှာ ဆိုရင်တော့ ပိုဆိုးမယ်။” ဟု ကိုတိတ်နိုင်က ဆက်ပြောသည်။

Popular posts from this blog

၂၀၀၈ တည်ရှိသမျှ ကိုယ်စားလှယ်အဖြစ်တည်ရှိကြောင်း NLD ထုတ်ပြန်

ဘဏ်များ ယာယီ ပိတ်ထားရန် မြန်မာနိုင်ငံ ဘဏ်များအသင်း ထုတ်ပြန်

နအဖ အဖွဲ့ဝင်များနှင့် စစ်အရာရှိကြီးများ စဉ် ဌာန ၁ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၂ ဒုတိယတပ်မတော် ကာကွယ်ရေး