ဆန္ဒပြမှုများကြောင့် လေးလပတ်စည်းဝေးပွဲ နအဖ ရက်ရွှေ့ဆိုင်း

မုံပီး (မဇ္ဈိမသတင်းဌာန)
စက်တင်ဘာလ ၂ဝ ရက်၊ ၂ဝဝ၇ ခုနှစ်။

သံဃာတော်များ၏ ဆန္ဒပြပွဲများ ဆက်လက် ဖြစ်ပွားနေစဉ် စစ်အစိုးရက ပုံမှန် ကျင်းပနေကျ ဖြစ်သည့် လေးလပတ် အစည်းအဝေးကို စက်တင်ဘာလ ၂၄ ရက်နေ့တွင် မကျင်းပဘဲ ရက်ရွှေ့ဆိုင်းလိုက်သည်ဟု တပ်မတော်နှင့် နီးစပ်သည့် အသိုင်းအဝိုင်း အဆိုအရ သိရသည်။

ရက်ရွှေ့ဆိုင်းခြင်းသည် မည်သည့် အတွက်ကြောင့်ဟု ရှင်းလင်းစွာ မသိရသော်လည်း၊ နိုင်ငံတဝှမ်း ဆက်လက် ပြန့်ပွားနေသော ဆန္ဒပြပွဲများကြောင့် ဖြစ်တန်ချေ ရှိသည်ဟု လေ့လာသူများက ယုံကြည်နေသည်။ အချို့ သတင်းရပ်ကွက်များကမူ နအဖ ဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး စိုးဝင်းနှင့် အမွှာညီအကို ဖြစ်သူ ဗိုလ်ချုပ် တင်ထွန်း ရုတ်တရက် သေဆုံးမှုကြောင့် ဖြစ်နိုင်သည်ဟု ပြောကြသည်။

တပ်မတော် အင်ဂျင်နီယာအဖွဲ့ ညွှန်ကြားရေးမှူးဖြစ်သူ ဗိုလ်ချုပ် တင်ထွန်းသည် ဗိုလ်ချုပ်ကြီး စိုးဝင်းကို ရိုးတွင်းချဉ်ဆီ ပေးလှူခဲ့သည်ဟု ကောလာဟလများ ပေါ်ထွက်ခဲ့ကာ ယမန်နေ့က သေဆုံးခဲ့သည်။ မည်သို့သောကြောင့် သေဆုံးသည်ကိုမူ မသိရသေးပါ။

နိုင်ငံတဝှမ်းရှိ စစ်တိုင်းမှူးများ၊ တပ်မမှူးများ၊ စစ်ဆင်ရေးမှူးများ၊ ဗျူဟာမှူးများ အပါအဝင် စစ်ခေါင်းဆောင်များသည် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က နေပြည်တော်သို့ ထွက်ခွါ လာကြသော်လည်း အစည်းအဝေး ရွှေ့ဆိုင်းကြောင်း ကြေညာချက် ထွက်လာပြီးနောက် နေရပ်ရင်းသို့ ပြန်လှည့် ကြရသည်ဟု မြန်မာ့အရေး လေ့လာ သုံးသပ်သူ ကိုဝင်းမင်းက ပြောသည်။

“၁၉၈၈ ခုနှစ်ကတည်းက ဒါဟာ ပထမဆုံး အကြိမ်ပဲ။ ဆန္ဒပြပွဲတွေကြောင့် ဒီလို အစည်းအဝေးမျိုးကို ရက်ရွှေ့လိုက်တာလေ” ဟု ကိုဝင်းမင်းက ပြောသည်။ ဒေသဆိုင်ရာ စစ်ခေါင်းဆောင်များ အနေဖြင့် သူတို့၏ မူလနေရာတွင် မရှိဘဲ သံဃာတော်များ၏ ဆန္ဒပြပွဲများကို ထိန်းချုပ်နိုင်စွမ်း မရှိဘဲ ဆက်လက် ဖြစ်ပွားနေမည်ကို နအဖ သည် စိုးရိမ်နေသည်ဟု သူက ဆက်ပြောသည်။

ပြီးခဲ့သည့် အင်္ဂါနေ့ကတည်းက မြန်မာနိုင်ငံတဝှမ်းတွင် ရန်ကုန်၊ ရခိုင်ပြည်နယ် စစ်တွေ၊ အလယ်ပိုင်း ဒေသရှိ မကွေးတိုင်းအတွင်းမှ ကျောက်ပန်းတောင်း၊ ချောက်နှင့် ပခုက�ူ အစရှိသည့် နေရာအစိတ်အပိုင်း အတော်များများတွင် စုဝေး ဆန္ဒပြပွဲများ ဖြစ်ပွားနေခဲ့သည်။

စစ်တွေမြို့တွင် ယမန်နေ့က ဒေါသ ထွက်နေသော သံဃာတော်များသည် အစိုးရ ရုံးတရုံးကို အနည်းဆုံး ၄ နာရီခန့် သိမ်းပိုက်ခဲ့ကြောင်းသည်။

အမွှာညီအကို ဗိုလ်ချုပ်တင်ထွန်း သေဆုံးပြီး နောက်ပိုင်းတွင် ဝန်ကြီးချုပ် စိုးဝင်း၏ ကျန်းမာရေးသည်လည်း အန္တရာယ် ရှိသည်ဟု နက္ခတ္တဗေဒ သဘောအရ ဖြစ်ပေါ်နေပြီး၊ ဗိုလ်ချုပ် တင်ထွန်းသည် မကြာသေးခင်က စင်္ကာပူသို့ သွားရောက်ကာ ဆေးကုသမှု ခံယူခဲ့ပြီး ယမန်နေ့က မြန်မာနိုင်ငံတွင် သေဆုံးခဲ့ခြင်း ဖြစ်သည်။

Popular posts from this blog

၂၀၀၈ တည်ရှိသမျှ ကိုယ်စားလှယ်အဖြစ်တည်ရှိကြောင်း NLD ထုတ်ပြန်

ဘဏ်များ ယာယီ ပိတ်ထားရန် မြန်မာနိုင်ငံ ဘဏ်များအသင်း ထုတ်ပြန်

နအဖ အဖွဲ့ဝင်များနှင့် စစ်အရာရှိကြီးများ စဉ် ဌာန ၁ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၂ ဒုတိယတပ်မတော် ကာကွယ်ရေး