ဗင်နီဇွဲလားသမ္မတနှင့်ဇနီးကို ဖမ်းဆီးသွားသော Delta Force အကြောင်း သိကောင်းစရာ

NDTV

ဗင်နီဇွဲလားနိုင်ငံတွင် အမေရိကန်က စစ်ဆင်ရေးကြီးတခု ဆောင်ရွက်ခဲ့ပြီး ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရို နှင့် ၎င်း၏ဇနီးဖြစ်သူ ဆီလီယာ ဖလောရက်စ် တို့ကို ဖမ်းဆီးကာနိုင်ငံပြင်ပသို့ လေယာဉ်ဖြင့် ခေါ်ဆောင်သွားပြီဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က အတည်ပြုပြောကြားခဲ့သည်။

စစ်ဆင်ရေးအတွင်း ဗင်နီဇွဲလားမြို့တော် ကာရာကပ်စ် နှင့် အခြားဒေသများတွင် ပေါက်ကွဲသံများ ကြားခဲ့ရပြီး အမေရိကန်တပ်ဖွဲ့ဝင်များက အခရာကျသောပစ်မှတ်များကို တိုက်ခိုက်ခဲ့ကြောင်း ညွှန်ပြနေသည်။ အဆိုပါမစ်ရှင်ကို အမေရိကန်စစ်တပ်၏ ထိပ်တန်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ဖြစ်သော Delta Force က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း CBS News က ဖော်ပြခဲ့သည်။

Delta Force ဆိုသည်မှာ အဘယ်နည်း။

၁၉၇၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး မြောက်ကာရိုလိုင်းနားပြည်နယ် ဖို့တ်ဘရက်တွင် အခြေစိုက်သည့် Delta Force သည် ကမ္ဘာပေါ်တွင် အတော်ဆုံးနှင့် လျှို့ဝှက်ချက်အရှိဆုံး စစ်ဘက်ဆိုင်ရာ တပ်ဖွဲ့ဖြစ်သည်။ ၎င်းသည် အမေရိကန်ကြည်းတပ် အထူးစစ်ဆင်ရေးကွပ်ကဲမှုဌာနအောက်တွင် လုပ်ဆောင်ပြီး ပူးတွဲအထူးစစ်ဆင်ရေးကွပ်ကဲမှုဌာန (JSOC) သို့ တိုက်ရိုက်အစီရင်ခံရသည်။ ၎င်းကို 1st Special Forces Operational Detachment–Delta (1st SFOD-D)ဟုလည်း ခေါ်ဆိုကြသည်။

ယင်း၏ဖွဲ့စည်းပုံကို Delta Force တည်ထောင်သူ ဗိုလ်မှူးကြီး ချားလ်စ် ဘတ်ဝစ်သ်အား စိတ်ကူးစိတ်သန်းပေးခဲ့သည့် ဗြိတိသျှ SAS (22nd Special Air Service Regiment) ၏ ပုံစံကို နမူနာယူထားခြင်းဖြစ်သည်။

စစ်ဆင်ရေးများ၏ အရေးပါမှုနှင့် အလွန်အမင်းလျှို့ဝှက်လွန်းမှုတို့ကြောင့် ၎င်းတို့အား Army Compartmented Elements (ACE)၊ Combat Applications Group (CAG) သို့မဟုတ် Delta စသည့် အမည်အမျိုးမျိုးဖြင့် ခေါ်ဝေါ်ကြသည်ဟု သတင်းများထွက်ပေါ်လေ့ရှိသည်။

Delta Force ၏ အဓိကတာဝန်များ

ဤတပ်ဖွဲ့သည် အန္တရာယ်ကြီးမားပြီး တန်ဖိုးရှိသော မစ်ရှင်များကို အထူးပြုလုပ်ဆောင်ကာ အဓိကအားဖြင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ ဓားစာခံကယ်ဆယ်ရေး၊ အကြမ်းဖက်ခြိမ်းခြောက်မှုများကို ဖယ်ရှားခြင်းနှင့် ဖမ်းဆီးခြင်း နှင့် အထူးကင်းထောက်လုပ်ငန်းများကို တာဝန်ယူရသည်။

ထို့အပြင် လူသိများသော ပုဂ္ဂိုလ်ကြီးများကို အနီးကပ်အစောင့်အရှောက်ပေးခြင်းနှင့် ပုံမှန်မဟုတ်သော စစ်ဆင်ရေးများအတွက်လည်း လေ့ကျင့်ထားသည်။ တပ်ဖွဲ့ဝင်များသည် လက်ဖြောင့်စနိုက်ပါပစ်ခတ်ခြင်း၊ အနီးကပ်တိုက်ခိုက်ခြင်း ၊ ဖောက်ခွဲရေးနှင့် လျှို့ဝှက်ဝင်ရောက်ခြင်း အတတ်ပညာများတွင် ကျွမ်းကျင်ကြသည်။ ၎င်းတို့သည် လေယာဉ် ၊ ရထား၊ သင်္ဘောနှင့် မော်တော်ယာဉ်များပေါ်တွင် စစ်ဆင်ရေးများ ဆောင်ရွက်နိုင်ရန် လေ့ကျင့်ထားသဖြင့် မည်သည့်ပတ်ဝန်းကျင်၊ မည်သည့်အခြေအနေတွင်မဆို ကြားဖြတ်ဝင်ရောက် ထိန်းချုပ်နိုင်စွမ်းရှိသည်။

Delta Force ၏ ဖွဲ့စည်းပုံ

Delta Force ကို ပင်မတပ်ခွဲ လေးခုဖြင့် ဖွဲ့စည်းထားပြီး တပ်ခွဲတခုစီတွင် တပ်စု သုံးခုစီ ခွဲထားသည်။

Recce/Sniper Troop- ထောက်လှမ်းရေးသတင်းစုဆောင်းခြင်းနှင့် စနိုက်ပါမစ်ရှင်များကို တာဝန်ယူသည်။

Direct Action/Assault Troops နှစ်ခု- ပစ်မှတ်များကို တိုက်ခိုက်ခြင်း၊ စီးနင်းခြင်းနှင့် အန္တရာယ်ကြီးသော မစ်ရှင်များကို အဓိကလုပ်ဆောင်သည်။

Delta Force ၏ စစ်ဆင်ရေးများ

Delta Force လုပ်ဆောင်သော မစ်ရှင်အများစုမှာ လျှို့ဝှက်အဆင့်သတ်မှတ်ထားပြီး အချို့သောစစ်ဆင်ရေးများသာ အချိန်ကြာလာမှ လူသိရှင်ကြားဖြစ်လာလေ့ရှိသည်။

ထင်ရှားသော စစ်ဆင်ရေးအချို့မှာ Operation Prime Chance၊ ၂၀၀၁ ခုနှစ် ဘင်လာဒင်ကို ရှာဖွေမှု၊ ဘဂ္ဂဒက် လေကြောင်းတိုက်ခိုက်မှု၊ အီရတ်ဓားစာခံကယ်ဆယ်ရေး၊ ဆိုမာလီတွင် Operation Gothic Serpent ၊ ဂရီနေဒါတွင် Operation Urgent Fury နှင့် ISIS ခေါင်းဆောင် အဘူဘာကာ အယ်လ်-ဘဂ္ဂဒါဒီကို စီးနင်းတိုက်ခိုက်မှုတို့ ဖြစ်ကြသည်။

ဘယ်သူတွေ Delta Force သို့ ဝင်ရောက်ခွင့်ရသနည်း

Delta Force သည် အစွမ်းဆောင်နိုင်ဆုံးနှင့် စိတ်ဓာတ်အကြံ့ခိုင်ဆုံး ပုဂ္ဂိုလ်များကိုသာ လူသစ်စုဆောင်းသည်။ များသောအားဖြင့် အမေရိကန်ကြည်းတပ် အထူးတပ်ဖွဲ့ (Green Berets) နှင့် 75th Ranger Regiment တို့မှ စစ်သည်များကို ရွေးချယ်လေ့ရှိသည်။ ရွေးချယ်မှုလုပ်ငန်းစဉ်မှာ သုံးပတ်မှ လေးပတ်အထိ ကြာမြင့်သည်။

ရွေးချယ်မှုပုံစံမှာ အလွန်ပင်ပန်းခက်ခဲလွန်းသဖြင့် လျှောက်ထားသူ အရေအတွက်အနည်းငယ်သာ အောင်မြင်ကြသည်။ ကိုယ်ကာယစစ်ဆေးမှုများတွင် ၃၅ ပေါင်လေးသော ကျောပိုးအိတ်ကို လွယ်ကာ ၁၈ မိုင် ညဘက် ချီတက်ခြင်း (သတ်မှတ်ချိန်အတွင်း) သို့မဟုတ် ၄၅ ပေါင်လေးသော ကျောပိုးအိတ်ဖြင့် မတ်စောက်ပြီး ကြမ်းတမ်းသောမြေပြင်တွင် ၄၀ မိုင် ချီတက်ခြင်းတို့ ပါဝင်သည်။

ဤစစ်ဆေးမှုများကို အောင်မြင်သူများသည် ကမ္ဘာ့အန္တရာယ်အရှိဆုံး မစ်ရှင်များအတွက် အဆင်သင့်ဖြစ်စေရန် ခြောက်လကြာမြင့်သည့် အော်ပရေတာ လေ့ကျင့်ရေးသင်တန်း (OTC) ကို တက်ရောက်ရသည်။

Popular posts from this blog

နအဖ အဖွဲ့ဝင်များနှင့် စစ်အရာရှိကြီးများ စဉ် ဌာန ၁ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၂ ဒုတိယတပ်မတော် ကာကွယ်ရေး

၂၀၀၈ တည်ရှိသမျှ ကိုယ်စားလှယ်အဖြစ်တည်ရှိကြောင်း NLD ထုတ်ပြန်

ဘဏ်များ ယာယီ ပိတ်ထားရန် မြန်မာနိုင်ငံ ဘဏ်များအသင်း ထုတ်ပြန်