ဗင်နီဇွဲလားစစ်ဘက်ဆိုင်ရာအဆောက်အအုံများနှင့် အရေးကြီးသော ပစ်မှတ်များကို အမေရိကန် တိုက်ခိုက်

CBS News

ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရိုအစိုးရအပေါ် ဖိအားပေးမှုများကို စနေနေ့ အစောပိုင်းတွင် ပိုမိုတိုး မြှင့်လိုက်သည့်အနေဖြင့်၊ ဗင်နီဇွဲလားနိုင်ငံအတွင်းရှိ စစ်ဘက်ဆိုင်ရာအဆောက်အအုံများ အပါအဝင် အရေးကြီးသော နေရာများကို တိုက်ခိုက်ရန် သမ္မတ ထရမ့်က အမိန့်ပေးလိုက်ကြောင်း အမေရိကန် အရာရှိများက CBS News သို့ ပြောကြားခဲ့သည်။

ယခုတိုက်ခိုက်မှုများသည် ကာရစ်ဘီယံပင်လယ်ပြင်တွင် ယူအက်စ်အက်စ် ဂျရယ်လ် အာရ်ဖို့ဒ် လေယာဉ် တင်သင်္ဘောနှင့် အခြားစစ်သင်္ဘောအမြောက်အမြားကို နေရာချထားခြင်းအပါအဝင်၊ ဒေသတွင်း၌ အမေရိကန်က လအတော်ကြာ စစ်အင် အားတိုးမြှင့်ပြီးနောက် ပေါ်ပေါက်လာခြင်း ဖြစ်သည်။

စနေနေ့ ဒေသစံတော်ချိန် နံနက် ၂ နာရီခန့်တွင် မြို့တော် ကာရာကတ်စ်၌ အနည်းဆုံး ပေါက်ကွဲသံ ခုနစ် ကြိမ်နှင့်အတူ လေယာဉ်များ အနိမ့်ပျံသန်းသံများကို ကြားခဲ့ရပြီး၊ အမေရိကန်သည် အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာ အဆောက်အအုံများကို တိုက်ခိုက်ခဲ့သည်ဟု ဗင်နီဇွဲလားအစိုးရက စွပ်စွဲပြောဆိုခဲ့သည်။

ကာရာကတ်စ်မြို့ရှိ အဓိကစစ်ဌာနချုပ်၊ ကာရာကတ်စ်မြို့ရှိ အဓိကလေတပ်စခန်း၊ ဆက်သွယ်ရေး အချက်ပြ အင်တင်နာ တာဝါတိုင်နှင့် ကာရစ်ဘီယံကမ်းရိုးတန်းရှိ ဆိပ်ကမ်းတို့ တိုက်ခိုက်ခံခဲ့ရကြောင်း CBS News သို့ ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် မာရီယာ ကိုရီနာ မာချာဒို၏ ပြောရေးဆိုခွင့်ရှိသူ ဒေးဗစ် စမိုလန်းစကီးက ပြောကြားခဲ့သည်။

မကြာသေးမီ သီတင်းပတ်များအတွင်း အမေရိကန်သည် ဗင်နီဇွဲလားကမ်းလွန်တွင် ရေနံတင်သင်္ဘော နှစ်စင်း ကို သိမ်း ဆည်းခဲ့ပြီး၊ မူးယစ်ဆေးဝါးများ တင်ဆောင်လာသည်ဟု အစိုးရကဆိုသည့် စက်လှေ ၃၀ ကျော်ကို လည်း သေကြေပျက်စီးစေသော တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

ထို့ပြင် သမ္မတ ထရမ့်က ‘မူးယစ်ဆေးဝါးများ တင်ဆောင်ရာ ဆိပ်ကမ်း’ ဟု ခေါ်ဆိုသည့် နေရာကိုလည်း တိုက်ခိုက်ရန် အမိန့်ပေးခဲ့သည်။

ထရမ့်အစိုးရသည် မာဒူရိုကို မူးယစ်ဆေးဝါး မှောင်ခိုကူးမှု၊ အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားသော ဂိုဏ်းများနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် စွပ်စွဲထားသော်လည်း မာဒူရိုက ငြင်းဆိုထားသည်။

‘တင်းခံနေဦးမည်ဆိုပါက ယင်းသည် နောက်ဆုံးအကြိမ် တင်းခံနိုင်ခြင်း ဖြစ်လိမ့်မည်’ ဟု ခရစ္စမတ် အကြိုနေ့တွင် ထရမ့်က မာဒူရိုကို သတိပေးခဲ့သည်။

မာဒူရိုကမူ မူးယစ်ဆေးဝါးမှောင်ခိုမှု၊ ရေနံနှင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ကိစ္စရပ်များတွင် အမေရိကန် နှင့် ဆွေးနွေးရန် အမြဲတမ်းအသင့်ရှိကြောင်း ယခုသီတင်းပတ်အတွင်းက ပြောကြားခဲ့သည်။

အမေရိကန်၏ တိုက်ခိုက်မှုများ မစတင်မီ၊ ဗင်နီဇွဲလားအစိုးရပိုင် ရုပ်သံဌာနနှင့် ပြုလုပ်သည့် လူတွေ့ မေးမြန်းခန်းတွင် မာဒူရိုက မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ ရေနံနှင့် ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက် ၍ အမေရိကန်နှင့် ဆွေးနွေးလိုကြောင်း ပြောခဲ့သည်။

ဗင်နီဇွဲလားသမ္မတက ညှိနှိုင်းရန် အသင့်ရှိနေကြောင်းနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး သဘောတူညီ ချက် (သို့မဟုတ်) ဗင်နီဇွဲလား၏ ရေနံကဏ္ဍတွင် အမေရိကန်၏ ရင်းနှီးမြှုပ်နှံမှုများကို လက်ခံရန် လမ်းဖွင့်ထားကြောင်း အရိပ်အမြွက် ပြောကြားခဲ့သည်။

ပြီးခဲ့သည့် သြဂုတ်လအတွင်း ကာရစ်ဘီယံပင်လယ်သို့ အမေရိကန်၏ အကြီးစားစစ်အင်အား ဖြန့်ကျက်မှု နှင့် အတူ စတင်ခဲ့သော လပေါင်းများစွာကြာ ဖိအားပေးမှုများသည် ဗင်နီဇွဲလား၏ အစိုးရအပြောင်း အလဲနှင့် ရေနံသယံဇာတများကို ရယူရန်အတွက်သာဖြစ်ကြောင်း မာဒူရိုက ပြောကြားခဲ့သည်။

အမေရိကန်သည် လိုချင်သည်များကို ရရှိရေးအတွက် ခြိမ်းခြောက်အကျပ်ကိုင်အင်အားသုံးနေသည်မှာ ထင်ရှားကြောင်းလည်း မာဒူရိုက ပြောကြားခဲ့သည်။

အမေရိကန်က ဗင်နီဇွဲလားကို စတင်တိုက်ခိုက်ပြီး မကြာမီမှာပင် အရီဇိုးနားပြည်နယ်မှ ဒီမိုကရက်တစ် အထက် လွှတ်တော်အမတ် ရူဘင် ဂါလီဂိုက ‘ဒီစစ်ပွဲဟာ တရားမဝင်ဘူး’ ဟု X လူမှုကွန်ရက်ပေါ်တွင် ရေးသားခဲ့သည်။

CBS News မှ U.S. launches military strikes on Venezuela as Trump escalates pressure on Maduro regime, sources say အား သောမတ် ဘာသာပြန်သည်။

Popular posts from this blog

နအဖ အဖွဲ့ဝင်များနှင့် စစ်အရာရှိကြီးများ စဉ် ဌာန ၁ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၂ ဒုတိယတပ်မတော် ကာကွယ်ရေး

၂၀၀၈ တည်ရှိသမျှ ကိုယ်စားလှယ်အဖြစ်တည်ရှိကြောင်း NLD ထုတ်ပြန်

ဘဏ်များ ယာယီ ပိတ်ထားရန် မြန်မာနိုင်ငံ ဘဏ်များအသင်း ထုတ်ပြန်