ဆင့်ကဲဖြစ်စဉ်က ထင်ထားသည်ထက် ကွဲပြားစွာ အလုပ်လုပ်

Science Daily

ဆင့်ကဲဖြစ်စဉ်သည် “ပြောင်းလဲမှုဆီ စပ်ကြား အခြေအနေ” (Neutral) မဟုတ်သလို ပြီးဆုံးသွားခြင်းလည်း မရှိဘဲ အမြဲ တမ်း ပြောင်းလဲနေသော ကမ္ဘာကြီးနှင့်အတူ မရပ်မနား ယှဉ်ပြိုင်နေရသော ပြိုင်ပွဲတခုဖြစ်သည်။

ဆယ်စုနှစ်များစွာတိုင်အောင် ဆင့်ကဲဖြစ်စဉ်ဆိုင်ရာ ဇီဝဗေဒပညာရှင်များစွာက မျိုးဗီဇနှင့် ပရိုတင်းများကို ပုံဖော်ပေးသော မျိုးဗီဇ ပြောင်းလဲမှုအများစုက “ပြောင်းလဲမှုဆီ စပ်ကြား အခြေအနေ” (Neutral ဖြစ်သည်ဟု ယူဆခဲ့ကြသည်။

ထို အမြင်အရ အကျိုးလည်း မပြုသကဲ့သို့ အန္တရာယ်လည်း မဖြစ်နိုင်သော မျိုးဗီဇ ရုတ်တရက် ပြောင်းလဲမှုများ (mutation) က သဘာဝ၏ ချယ်လှယ်မှု မခံရဘဲ တိတ်တဆိတ် ဖြစ်ပွားသွားသည်ဟု ယုံကြည်လက်ခံထားသည်။

သို့ရာတွင် မီရှီဂန်တက္ကသိုလ်မှ သုတေသနသစ်တရပ်က အဆိုပါ နှစ်ရှည်လများ လက်ခံထားသော ယူဆချက်ကို စိန်ခေါ်လိုက်ပြီး ဆင့်ကဲဖြစ်စဉ်မှာ ယခင်က ထင်ထားသည်နှင့် အလွန် ကွဲပြားစွာ အလုပ်လုပ်နိုင်ကြောင်း ကောက်ချက်ချသည်။

မျိုးစိတ်များ ဆင့်ကဲပြောင်းလဲလာသည်နှင့်အမျှ ကျပန်း မျိုးဗီဇ ပြောင်းလဲမှုများပါ ဖြစ်ပေါ်ပြီး ထိုသို့ ဆင့်ကဲပြောင်းလဲရာတွင် တချို့သော မျိုးဗီဇ ပြောင်းလဲမှုက သက်ရှိတိုင်းထံ လွှမ်းခြုံသက်ရောက်ကာ ပြေင်းလဲမှု ဖြစ်သည်။

သက်ရှိတိုင်းထံ သက်ရောက်သည့် အဆင့်သို့ ရောက်ရှိလာသော မျိုးဗီဇပြောင်းလဲမှု အများစုမှာ Neutral များသာ ဖြစ် သည်ဟု မော်လီကျူးဆိုင်ရာ ဆင့်ကဲဖြစ်စဉ်၏ ကြားနေသီအိုရီ (Neutral Theory of Molecular Evolution) အရ ယူဆထားသည်။

သို့သော် အန္တရာယ် ရှိနိုင်သော ပြောင်းလဲမှုများက လျင်မြန်စွာ ပျောက်ကွယ်သွားပြီး အကျိုးပြုသော ပြောင်းလဲမှုများမှာမူ ရှားရှားပါးပါး ဖြစ်ခဲသည်ဟု ယူဆရကြောင်း ဆင့်ကဲဖြစ်စဉ် ဇီဝဗေဒပညာရှင် ကျားကျိကျန်းက ရှင်းပြသည်။

ယခင် ဆင့်ကဲဖြစ်စဉ် အဓိက သီအိုရီအရ မျိုးဗီဇ ပြောင်းလဲမှု အများစုက အရေးမကြီးကြောင်း ဆိုထားသော်လည်း ယခု အထောက်အထားသစ်များကြောင့် ထို အချက် မမှန်ကန်ကြောင်း ညွှန်ပြနေသည်။

ကျန်းနှင့် လုပ်ဖော်ကိုင်ဖက်များသည် ထို ယူဆချက် မှန်မမှန်ကို ထဲထဲဝင်ဝင် စမ်းသပ်ခဲ့ကြရာ ရလဒ်များက ကြီးမားသော ပြဿနာတရပ်ကို ပြသနေသည်။ အကျိုးပြု မျိုးဗီဇပြောင်းလဲမှုများသည် ကြားနေသီအိုရီက ကောက်ချက်ချထားသည်ထက် ပိုမို များပြားစွာ ဖြစ်ပွားနေကြောင်း ၎င်းတို့က တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

အကျိုးပြုသော မျိုးဗီဇ ရုတ်တရက် ပြောင်းလဲမှုများ (mutations) သည် ထင်ထားသည်ထက် မကြာခဏ ပိုမို ဖြစ်ပွားကြောင်း တွေ့ရှိပြီး ထူးခြားချက်မှာ ထို မျိုးဗီဇပြောင်းလဲမှုများက အသုံးမဝင်တော့ခြင်း သို့မဟုတ် အန္တရာယ် ဖြစ်စေခြင်းဆီ မရောက်မီ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့မသွားအောင် ပြောင်းလဲနေသော ပတ်ဝန်းကျင်အခြေအနေများက တားဆီးထားသည်ကို တွေ့ရှိခြင်း ဖြစ်သည်။

ဆင့်ကဲဖြစ်စဉ်ဆိုသည်မှာ ပြီးပြည့်စုံကောင်းမွန်မှုဆီ ရောက်ရှိရန် ကြိုးပမ်းနေခြင်း မဟုတ်ဘဲ အမြဲတမ်း ရွေ့လျားနေသော ပန်းတိုင်တခုဆီ အဆုံးမရှိ လိုက်လံနေခြင်းသာ ဖြစ်သည်ဟု ယခု သုတေသနအဖွဲ့က မှတ်ချက်ချထားသည်။

Science Daily မှ Scientists say evolution works differently than we thought ကို မိုးသဲ ဘာသာပြန်သည်။

Popular posts from this blog

နအဖ အဖွဲ့ဝင်များနှင့် စစ်အရာရှိကြီးများ စဉ် ဌာန ၁ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၂ ဒုတိယတပ်မတော် ကာကွယ်ရေး

၂၀၀၈ တည်ရှိသမျှ ကိုယ်စားလှယ်အဖြစ်တည်ရှိကြောင်း NLD ထုတ်ပြန်

ဘဏ်များ ယာယီ ပိတ်ထားရန် မြန်မာနိုင်ငံ ဘဏ်များအသင်း ထုတ်ပြန်