ဂျပန်တွင် ဆေးရုံအကူခွေးလေးများက ဆေးရုံတက် ကလေးငယ်များအတွက် ပုံမှန်ဘဝ ဖန်တီး ပေး
မာဆာဟု အမည်ရသော Labrador မျိုး ခွေးလေးက တိုကျိုမြို့ရှိ ကလေးဆေးရုံ လူနာဆောင်ထဲ ဝင်ရောက်လာသည့်အခါ ကလေးငယ်များ၏ မျက်ဝန်းများမှာ တောက်ပသွားကြသည်။
မာဆာသည် “ဆေးရုံအကူခွေး” (facility dog) လေးတကောင် ဖြစ်ပြီး အချိန်ကြာမြင့်စွာ ဆေးရုံတက်နေရသူ သို့မဟုတ် ကိုယ်အင်္ဂါအစိတ်အပိုင်း အစားထိုးကုသရန် စောင့်ဆိုင်းနေသည့် ကလေးငယ်များကို ကူညီပေးရန် အထူး လေ့ကျင့်ထား သည်။ ဂျပန်တွင် အကန့်အသတ် နည်းသော ဆေးရုံအချို့တွင် ဆေးဘက်ဆိုင်ရာဝန်ထမ်းများနှင့်အတူ ထိုသို့သော ဆေးရုံအကူခွေးများက တွဲဖက်တာဝန်ထမ်းနေသည်။
လူနာ တဦးချင်းစီ ကုသမှု အစီအစဉ်အတိုင်း ဆေးရုံအကူခွေးများက ကလေးငယ်များနှင့် ထိတွေ့ဆက်ဆံကြပြီး ဆေးရုံဆောင်မှ ပြင်ပသို့ ထွက်ရခဲသော ကလေးငယ်များကို ပုံမှန်ဘဝမျိုး ရှိနေအောင် အဖော်သဟဲ ပြုပေးသည်။
ဆေးရုံအကူခွေးများကို လွန်ခဲ့သော ၁၅ နှစ်ခန့်က ဂျပန်တွင် စတင် မိတ်ဆက်ခဲ့သော်လည်း ကုန်ကျစရိတ်ကြောင့် အကန့် အသတ် ရှိနေဆဲဖြစ်သည်။
မာဆာက အမျိုးသားကလေးကျန်းမာရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာဌာနရှိ ဆေးရုံဆောင်သို့ အောက်တိုဘာလတွင် ရောက်ရှိလာပြီး ကလေးငယ်များနှင့်အတူ ဆရာဝန်လုပ်တမ်း ကစားကြသည်။
ဥပမာအားဖြင့် အသက် သုံးနှစ်အရွယ် ရူအီ ဟီယာမာလေးက မာဆာအား အရုပ်ဆေးထိုးအပ်ဖြင့် ဆေးထိုးပေးတမ်း ကစားရာ ရူအီ၏ မိခင် ဆာအိုရီက “နေလို့ ပိုကောင်းသွားပြီ မဟုတ်လား” ဟု မေးပြီး ရူအီက “ဟုတ်ကဲ့” ဟု ပြုံးလျက် ပြန်ဖြေ ဆော့ကစားခြင်း ဖြစ်သည်။
ကလေးမလေး ရူအီမှာ ကင်ဆာရောဂါ ကုသမှု ခံယူနေရပြီး ဆေးရုံတက်နေရသည်က တနှစ်နီးပါး ကြာမြင့်ပြီ ဖြစ်သည်။ ရူအီလေးက လမ်းလျှောက်ရာတွင် မာဆာ၏ ခွေးလည်ပတ်ကြိုးကို ကိုင်ပြီး ဆေးရုံဆောင်အတွင်း ဟိုသည် လျှောက်သွားသည်။ “သမီးက ဆေးရုံဆောင်ထဲမှာပဲ ပိတ်မိနေပေမဲ့ မာဆာနဲ့ ကစားရတိုင်းမျက်နှာလေးက ဝင်းလက်လာတတ်တယ်” ဟု ဆာအိုရီက ဆိုသည်။
ခွေးလေး ရှိနေခြင်းကြောင့် ဆေးကုသမှုတွင် ကြောက်ရွံ့မှု လျော့ပါးအောင် အကူအညီ ဖြစ်သည်။
“မာဆာက သူရဲကောင်းပဲ” ဟု အသက် ၁၁ နှစ်အရွယ် ငါး တန်းကျောင်းသားလေးက ပြောသည်။ ဆေး စစ်ဆေးမှု ခံယူရာ တွင် ကြောက်ရွံ့နေသော်လည်း ခွေးလေး မာဆာ ရှိနေသည့်အတွက် ကြောက်စိတ် တော်ရုံ နည်းသွားကြောင်း သူက ပြောခဲ့သည်။
မာဆာကို ထိန်းကျောင်းသူ အာယာမီ ဂွန်နိုကာမီ (Ayami Gonnokami) သည် ၂၅ နှစ်ကြာ လက်တွေ့အတွေ့အကြုံရှိသော လက်မှတ်ရ ကလေးသူနာပြုတဦးဖြစ်သည်။ သူမက ဆရာဝန်များနှင့် နီးကပ်စွာ ပူးပေါင်းလုပ်ဆောင်ပြီး ကလေးလူနာများနှင့် ဆေးရုံအကူ ခွေးလေးများ မည်သည့်အချိန်၊ မည်သို့ ထိတွေ့ဆက်ဆံရမည်ကို အစည်းအဝေးများတွင် ဆွေးနွေးကြသည်။
နာရကျင်ရသည့် ကုသမှု အချိန်မျိုးတွင် ကလေးအချို့က ထီးတည်း နေတတ်ပြီး ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများနှင့် မိသားစုများကိုပါ ခပ်ခွာခွာ နေတတ်ကြောင်း ဂွန်နိုကာမီက ပြောသည်။ “အဲဒီလို အချိန်မျိုးမှာတောင် မာဆာက သူတို့ဘေးမှာ ရှိနေပေးနိုင်ပါတယ်” ဟု ၎င်းက ပြောခဲ့သည်။
မာဆာကဲ့သို့သော ဆေးရုံအကူခွေးများကို Shine On! Kids အမည်ရှိ အကျိုးအမြတ်မယူသော အဖွဲ့အစည်းက စေလွှတ်ခြင်း ဖြစ်သည်။ ဆေးရုံအကူခွေးလေးများ ထားရှိသည့် အစီအစဉ်ကို ၂၀၁၀ ၌ ရှိဇူအိုကာ ကလေးဆေးရုံတွင် စတင်ခဲ့သည်။
ထိုအချိန်မှစ၍ တိုကျိုနှင့် ကာနာဂါဝါ စီရင်စုရှိ ဆေးရုံ လေး ခုတွင် ခွေးတကောင်စီ ထားရှိပေးခဲ့သည်။
Bangkok Post မှ Japan’s hospital dogs bring moments of normalcy to seriously ill children ကို မိုးသဲ ဘာသာပြန်သည်။
