အာဏာသိမ်းစစ်တပ်ရဲ့ ‘ရွေးကောက်ပွဲ’ အပေါစား လှည့်ကွက်ထဲ အိန္ဒိယ မဝင်သင့်

Scroll

အိန္ဒိယအနေနဲ့ မိမိ အကျိုးစီးပွားကို တကြိမ်တခါမှ အလေးအနက် မထားခဲ့တဲ့ စစ်တပ်အုပ်စုကို ထောက်ခံနေမယ့်အစား မြန်မာပြည်သူတွေရဲ့ ပြင်းပြတဲ့ ဆန္ဒအသံတွေကို နားထောင်သင့်ပါတယ်။

၂၀၂၁ ခုနှစ်မှာ အာဏာသိမ်းပြီး လက်ရှိမှာ သူ့ကိုယ်သူ နိုင်ငံတော် လုံခြုံရေးနှင့် ငြိမ်းချမ်းရေးကော်မရှင်လို့ သတ်မှတ်ထားတဲ့ မြန်မာစစ်ကော်မရှင်ဟာ တော်လေး အားစိုက်ထုတ် စီစဉ်နေတဲ့၊ နယ်မြေ ကန့်သတ်ချက်လည်း ရှိနေတဲ့၊ နိုင်ငံရေးအရ ကြက်သေသေစရာ ကောင်းနေတဲ့ ရွေးကောက်ပွဲကို ခင်းကျင်းလာပါတယ်။ ရွေးကောက်ပွဲ အပိုင်း ( ၁ ) ကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကျင်းပပြီး အပိုင်း (၂ )ကို ဇန်နဝါရီ ၁၁ ရက်နဲ့ အပိုင်း ( ၃ ) ကိုတော့ ဇန်နဝါရီလ ၂၅ ရက်မှာ ကျင်းပမှာပါ။

လွတ်လပ်သော ရွေးကောက်ပွဲများဆိုင်ရာ အာရှကွန်ရက် (ANFREL) ရဲ့ အချက်အလက်တွေအရ နိုင်ငံတဝန်း မြို့နယ်ပေါင်း ၃၃၀ အနက် ၉၉ မြို့နယ်မှာပဲ အပြည့်အဝ မဲပေးနိုင်မှာ ဖြစ်ပါတယ်။ တခြား ၉၃ မြို့နယ်မှာတော့ တစိတ်တပိုင်းပဲ မဲပေးနိုင်မှာဖြစ်ပြီး၊ ၁၀ မြို့နယ်မှာတော့ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့နေရာတွေကို ချန်လှပ်ပြီး စစ်တပ်ထိန်းချုပ်ထားတဲ့ နေရာတွေမှာပဲ မဲပေးရဖို့ ရှိပါတယ်။ စစ်ကောင်စီက မြို့နယ်ပေါင်း ၆၅ မြို့နယ်မှာတော့ မဲပေးခြင်းကို လုံးဝဖျက်သိမ်းထားပါတယ်။

ပထဝီဝင်အနေအထားအရ မဲပေးမှုအများစုဟာ ဗမာပြည်မအလယ်ပိုင်း၊ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ၊ ရန်ကုန်တိုင်း၊ ထိုင်းနိုင်ငံနဲ့ ထိစပ်နေတဲ့ အရှေ့ဘက် တိုင်းရင်းသားပြည်နယ်တချို့၊ တရုတ်နဲ့ အိန္ဒိယ နယ်စပ်နားက ကချင်ပြည်နယ် မြောက်ပိုင်းဒေသတချို့နဲ့ အရှေ့တောင်ဘက် ကမ်းရိုးတန်းဒေသတချို့မှာပဲ ကျင်းပမှာပါ။

နိုင်ငံရဲ့ နယ်မြေ အတော်များများဟာ တော်လှန်ရေးအင်အားစုတွေရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေဆဲဖြစ်တာကြောင့် မဲဆွယ်စည်းရုံးတာ ဒါမှမဟုတ် မဲပေးတာတွေ လုပ်ဆောင်နိုင်ဖို့ မဖြစ်နိုင်ပါ။

ဘာ ‘ရွေးကောက်ပွဲ’ လဲ

အခုလို နယ်မြေ အကန့်အသတ် ရွေးကောက်ပွဲမျိုးဟာ ဘယ် စံနှုန်းနဲ့မှ စစ်မှန်တဲ့ ဒီမိုကရေစီနည်းကျ လမ်းစဉ်လို့ မသတ်မှတ်နိုင်ပါဘူး။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီ၊ သြဇာကြီးတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) နဲ့ တခြား ပါတီပေါင်း ၄၀ ကျော် အပါအဝင် မြန်မာနိုင်ငံရဲ့ အကြီးဆုံး အရပ်သားပါတီတွေဟာ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲမှာ ပါဝင်ခြင်း မရှိပါဘူး။

စစ်ကော်မရှင် ခန့် ရွေးကောက်ပွဲကော်မရှင်က အဲဒီ ပါတီတွေကို ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲ မှတ်ပုံတင်ခြင်း ဥပဒေသစ်အရ ဖျက်သိမ်းခဲ့ပေမယ့် ၂၀၁၀ ပြည့်နှစ်က သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အရပ်သားတပိုင်း အစိုးရ တက်လာခဲ့တဲ့ ရွေးကောက်ပွဲကို NLD က သပိတ်မှောက်ခဲ့သလိုပဲ အခုလည်း အာဏာသိမ်း စစ်ကော်မရှင်ကို ဆန့်ကျင်တဲ့အနေနဲ့ ပါတီအများစုက သပိတ်မှောက်ကြပါတယ်။

၂၀၁၀ နဲ့ အခု ၂၀၂၅ ရွေးကောက်ပွဲ နှစ်ရပ်စလုံးဟာ အထူးပြုရတဲ့ ရွေးကောက်ပွဲတွေ ဖြစ်ပေမယ့် အရမ်းကို အရေးကြီးတဲ့ ကွာခြားချက်က ရှိနေပါတယ်။

၂၀၁၀ ရွေးကောက်ပွဲဟာ နောက်ပိုင်း ငါးနှစ်အကြာ ပထမဆုံးသော လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဆီကို လမ်းဖွင့်ပေးခဲ့ပါတယ်။ ဒါဟာ ဦးသိန်းစိန်ရဲ့ ညှိနှိုင်းဆွေးနွေးတတ်တဲ့ ခေါင်းဆောင်မှုပုံစံနဲ့ နေပြည်တော်အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကြားက ခက်ခဲတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကြောင့် ဗဟိုနဲ့ နယ်စပ်ဒေသတွေကြား ယုံကြည်မှု အားနည်းချက်ကို အတိုင်းအတာ တခုအထိ ပြုပြင်ပေးနိုင်ခဲ့လို့ ဖြစ်ပါတယ်။

အခု တကြိမ် ရွေးကောက်ပွဲမှာတော့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ စိတ်အလိုအောက်မှာ ကျင်းပမှာပါ။ မင်းအောင်လှိုင်ဟာ ဖက်ဒရယ် ဒီမိုကရေစီ တည်ဆောက်ရေးကို စိတ်မဝင်စားဘဲ နိုင်ငံရေးအမြင် ကျယ်ကျယ်ပြန့်ပြန့် မရှိတဲ့အပြင် အာဏာကိုပဲ မြဲမြဲ ဆုပ်ကိုင်ထားချင်တဲ့ ကတ်သီးကတ်ဖဲ့ နိုင်ငံရေး အ‌‌ေယာင်ပြ တဦးပါပဲ။

Politics

အာဏာကို အရပ်သားအစိုးရထံ ပြန်မပေးဘဲ ကိုယ့်ပြည်သူ ကိုယ် ပြန် တိုက်ခိုက်နေတဲ့အတွက် မင်းအောင်လှိုင်ဟာ နေပြည်တော်နဲ့ တိုင်းရင်းသား လူနည်းစုတွေကြားက နုနယ်တဲ့ ဆက်ဆံရေးကို ဖျက်ဆီးချေမွလိုက်ရုံတင်မကဘဲ စစ်တပ်အတွက် တရားဝင်မှု ရယူရေးမှာ အခရာ ကျတဲ့ ဗမာလူမျိုး အများစုနဲ့ပါ ရန်ဘက်တွေ ဖြစ်စေပါတယ်။

သူ့ရဲ့ က‌‌ယောင်ခြောက်ခြား မလုံခြုံမှုနဲ့ ပြည်သူအများစုက ဒီ ရွေးကောက်ပွဲအတုကို လက်မခံဘူးဆိုတာကို သိနေတဲ့အတွက် မင်းအောင်လှိုင်ဟာ ရွေးကောက်ပွဲ အစီအစဉ်ကို ဝေဖန်သူ ရာပေါင်းများစွာကို ဖမ်းဆီးဖို့ ရက်စက်တဲ့ ဥပဒေတွေ အသုံးပြုနေပါတယ်။ ဒါကြောင့် ၂၀၁၀ ရွေးကောက်ပွဲတုန်းက ရှိခဲ့တဲ့ မရေရာပေမယ့် စစ်မှန်တဲ့ အကောင်းမြင်စရာ ရှိခဲ့တာမျိုးဟာ အခု ရွေးကောက်ပွဲမှာ လုံးဝ မရှိတော့ဘဲ သွေးချောင်းစီးမှု၊ မယုံကြည်မှုနဲ့ စိတ်ပျက်အားလျော့မှုတွေအပေါ်မှာပဲ အခြေခံထားပါတယ်။

အကောင်း ရှုမျှော်ခြင်းလား၊ ကိုယ်ကျိုးစီးပွားလား

မြန်မာပြည်သူတွေကြား လွန်လွန်ကဲကဲ စိတ်ပျက်နေပေမယ့် ငါး နှစ်နီးပါးကြာ လက်နက်ကိုင်ပဋိပက္ခ၊ စီးပွားရေး ကျဆင်းမှုနဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် စိတ်ရှုပ်ထွေးနေကြတဲ့ အိမ်နီးချင်းနိုင်ငံ အစိုးရတွေကတော့ ငြိမ်းချမ်းရေး မရရင်တောင် ဒီ ရွေးကောက်ပွဲကနေ တည်ငြိမ်မှုနဲ့ ခန့်မှန်းရ လွယ်ကူတဲ့ အခြေအနေမျိုးဆီ ဦးတည်သွားလိမ့်မလားလို့ တိတ်တဆိတ် မျှော်လင့်နေကြပါတယ်။

ဒီ နေရာမှာ အိမ်နီးချင်းတွေ ခေတ်သစ် အာရှနိုင်ငံရေးရဲ့ လက်တွေ့ကျတဲ့ နိုင်ငံခြားရေးမူဝါဒအတိုင်း ခိုင်မာတဲ့ ဗဟိုအစိုးရ၊ တည်ငြိမ်တဲ့ တိုင်းနဲ့ ပြည်နယ် အုပ်ချုပ်ရေး၊ ပြောင်းလွယ်ပြင်လွယ်ရှိတဲ့ စီးပွားရေးနဲ့ ထိန်းချုပ်လို့ရတဲ့ နယ်စပ်ဒေသတွေကိုပဲ လိုချင်ကြတာပါ။ ဘေးချင်းကပ် အိမ်နီးချင်းနိုင်ငံမှာ လူမှုရေးနဲ့ နိုင်ငံရေး ကသောင်းကနင်းဖြစ်တဲ့ တော်လှန်ရေးဆိုတာမျိုးကို အချိန်မပေးချင်ကြပါဘူး။ တကယ်တော့ “တော်လှန်ရေး” ဆိုတဲ့ စကားလုံးဟာ အိမ်နီးချင်း နိုင်ငံ အစိုးရတွေနဲ့ အများစု မူဝါဒရေးရာ မဟာမိတ်တွေအတွက်တော့ မကောင်းဆိုးဝါးပါပဲ။ ဘာလို့လဲဆိုတော့ တော်လှန်ရေးတွေက သူတို့နိုင်ငံတွေရဲ့ လက်ရှိနိုင်ငံရေးအခြေအနေကိုပါ ရိုက်ခတ်လာမှာကို စိုးရိမ်ကြလို့ပဲ ဖြစ်ပါတယ်။

သမိုင်းဝင် တော်လှန်ရေးတခုကနေ ပေါက်ဖွားလာပေမယ့် ဆယ်စုနှစ်တွေအတွင်းမှာ ပထဝီနိုင်ငံရေးအတွက် ကိုယ့်ကိုယ်ကိုယ် ပြုပြင်ပြောင်းလဲခဲ့တဲ့ တရုတ်ကွန်မြူနစ်ပါတီအတွက်တောင် ဒီ စိုးရိမ်စိတ်က အရှိတရားပါပဲ။ အခုဆို ရှီကျင့်ဖျင် အစိုးရဟာ မြန်မာစစ်ကော်မရှင်ရဲ့ အဓိကထောက်တိုင် ဖြစ်လာပါတယ်။

တရုတ်ဟာ ရွေးကောက်ပွဲကို အစွမ်းကုန် ထောက်ခံနေပြီး မြောက်ပိုင်းက လက်နက်ကိုင်အဖွဲ့တွေကို အပစ်အခတ် ရပ်စဲခိုင်းကာ မြန်မာမြောက်ပိုင်းဒေသကို တည်ငြိမ်အောင် စစ်ကော်မရှင်ကို ကူညီပေးနေပါတယ်။ အိန္ဒိယနဲ့ ထိုင်းတို့ကလည်း တရုတ်လို မဟာဗျူဟာမြောက် ပြင်ဆင်မှုတွေ မလုပ်ပေမယ့် စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲအပေါ် မည်ကာမတ္တာ ထောက်ခံမှုတော့ ရှိပါတယ်။

အခု ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှာမဟုတ်ဘူးဆိုတာ ဒီ နိုင်ငံစလုံး ကောင်းကောင်း သိပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ မဟာဗျူဟာမြောက် အကျိုးစီးပွားအတွက် ဒီ ရွေးကောက်ပွဲကနေ ရလဒ်ကောင်းတစ်ခု ထွက်လာမလားဆိုပြီးလောင်းကြေး ထပ်နေတာပါပဲ။ ဒီအတွက်ကြောင့် စစ်ကော်မရှင်ကို ချေမှုန်းရမယ့် ရန်သူလို့ ရှုမြင်နေကြပြီး ၂၀၀၈ ဖွဲ့စည်းပုံအောက်က ဘယ် ရွေးကောက်ပွဲကိုမှ လက်မခံတဲ့ မြန်မာပြည်သူအများစုရဲ့ ဆန္ဒကို လျစ်လျူရှုတာ ဒါမှမဟုတ် ဖျက်ဆီးပစ်တာလို ဖြစ်စေပါတယ်။

ဒီ နိုင်ငံတွေရဲ့ မြန်မာနိုင်ငံမှာ အကောင်းဘက်ကို ပြောင်းလဲတော့မယ်ဆိုတဲ့ ကိုယ်ကျိုးကြည့် လက်တွေ့မျှော် နိုင်ငံရေးအမြင်ကို စစ်ကော်မရှင်က ရွေးကောက်ပွဲဆိုတဲ့ လှည့်ကွက်နဲ့ ကုလားဖန် ထိုးနေတာပါ။

မဲပေးခွင့် အတု

အခု ရွေးကောက်ပွဲက မင်းအောင်လှိုင်ကို ပြည်သူတွေအပေါ် တာဝန်ခံလာအောင် တွန်းအားပေးလိမ့်မယ်ဆိုတဲ့ အမြင်မျိုး အိမ်နီးချင်းနိုင်ငံတွေရဲ့ အစိုးရ အသိုင်းအဝိုင်းမှာ ရှိနေပါတယ်။ မဲပေးတာက မင်းအောင်လှိုင်ကို တာဝန်ယူတတ်စေလိမ့်မယ်လို့ ယုံကြည်နေကြတာပါ။ ဒါဟာ အကောင်းဆုံးဆိုရင် အပြစ်ကင်းစင်လွန်းတဲ့ အဆိုးဆုံးဆိုရင်တော့ မိုက်မဲလွန်းတဲ့ အမြင်ပါပဲ။ ဒါဟာ အခု ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အချက်နှစ်ချက်ကို လျစ်လျူရှုထားတာပဲ ဖြစ်ပါတယ်။

ပထမအချက်ကတော့ စစ်ကော်မရှင်ဟာ သူတို့ ရှုံးဖို့ မဖြစ်နိုင်အောင် ရွေးကောက်ပွဲ မြေပုံနဲ့ ပုံစံကို သေချာရေးဆွဲထားပါတယ်။ နာမည်ကြီး ပါတီတွေကို ဖျက်သိမ်းပြီး ကြံ့ခိုင်ရေးပါတီလို စစ်တပ်ထောက်ခံတဲ့ ပါတီတွေကိုပဲ နေရာပေးကာ အချိုးကျ ကိုယ်စားပြုစနစ် (PR) ကို ပြောင်းလဲလိုက်ခြင်းအားဖြင့် မဲမပေးခင်ကတည်းက အာဏာက စစ်တပ် လက်ထဲ ရှိနေအောင် အကွက်ဖော် ထားပြီးသားပါ။

ANFREL က ထောက်ပြထားတာကတော့ စစ်ကောင်စီ သုံးမယ့် အီလက်ထရွန်နစ် မဲပေးစက်တွေဟာ ဘယ်သူနဲ့မှ မတိုင်ပင်ဘဲ၊ သဘောတူညီချက်မရှိဘဲ သုံးစွဲမှာဖြစ်တဲ့အတွက် အကြီးအကျယ် လိမ်လည်ဖို့ အခွင့်အလမ်းတွေ ရှိနေတယ် ဆိုပါတယ်။ အခုလို အစကတည်းက လိမ်လည်ဖို့ ပြင်ဆင်ထားတဲ့ ပွင့်လင်းမြင်သာမှု မရှိတဲ့ စနစ်မှာ အနိုင်အရှုံးက အဓိပ္ပာယ် မရှိတော့ပါဘူး။

ဒုတိယအချက်ကတော့ စစ်ကော်မရှင် ပြောခွင့်ရပုဂ္ဂိုလ်တွေ ဘယ်လိုပဲ ပြောပြော ဒီ ရွေးကောက်ပွဲရဲ့ အဓိက ပစ်မှတ်ဟာ မြန်မာပြည်သူတွေ မဟုတ်ဘဲ ဒီမိုကရေစီ ကူးပြောင်းမှု ရှိမှ ထောက်ခံမယ်လို့ ပြောထားတဲ့ အာဆီယံနဲ့ ဒေသတွင်း အစိုးရတွေဆီပဲ ဖြစ်ပါတယ်။ ဒါကြောင့် ပြည်တွင်းမှာ တာဝန်ခံမှုရှိလာဖို့ဆိုတာ မဖြစ်နိုင်ပါ။

မင်းအောင်လှိုင်အတွက်ကတော့ ဒီ ရွေးကောက်ပွဲဟာ ဘယ်လောက်ပဲ အတုအယောင်ဖြစ်နေပါစေ ဒေသတွင်း သံတမန်ရေးရာနယ်ပယ်ထဲကို ပြန်ဝင်နိုင်မယ့် လမ်းကြောင်းတခု ဖြစ်နေပါတယ်။

တကယ်တမ်းဆို မင်းအောင်လှိုင်ဟာ ဒီ ရွေးကောက်ပွဲကနေတဆင့် တရုတ် အလိုကျ ဖြစ်ချင်တာ အဓိကပါ။ တရုတ်က မြန်မာနိုင်ငံမှာ BRI စီမံကိန်းတွေ ရှေ့ဆက် မတိုးနိုင်တာနဲ့ မင်းအောင်လှိုင်က ငြိမ်းချမ်းရေး မဖော်ဆောင်နိုင်တာကို စိတ်ပျက်နေပြီး ရွေးကောက်ပွဲက အခြေအနေတွေကို ငြိမ်သက်သွားစေလိမ့်မယ်လို့ ယူဆထားပါတယ်။ ပြီးတော့ စစ်ကော်မရှင်ကနေ ထွက်ပေါ်လာတဲ့ ဘယ် အစိုးရမဆို တရုတ်ရဲ့ အကျိုးစီးပွားကို ကာကွယ်ပေးရလိမ့်မယ်ဆိုတာကိုလည်း တရုတ်က သိနေပါတယ်။

ဒါကြောင့် ရွေးကောက်ပွဲကို ထောက်ခံတာဟာ အမေရိကန်က မြန်မာနိုင်ငံ အရေးကနေ ဆုတ်ခွာသွားပုံရချိန်မှာ ဗမာပြည်မထဲမှာ တရုတ်ရဲ့ သြဇာကို ခိုင်မာအောင် လုပ်ဆောင်တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီအတွက် ပေးဆပ်ရမယ့် တန်ဖိုးကတော့ ကြီးမားပါတယ်။ မြန်မာပြည်သူအများစုက တရုတ်ကို အဖျက်သမားနဲ့ အမြတ်ထုတ်သူလို့ မြင်နေကြတဲ့အတွက် တရုတ်ဟာ ပိုပြီးတော့တောင် လူမုန်းသူမုန်း များလာနိုင်ပါတယ်။

ဒါပေမဲ့ တရုတ်ကတော့ မြန်မာနိုင်ငံကို ဖြတ်ကျော်မယ့် သူတို့ရဲ့ အမြန်လမ်းနဲ့ ရထားလမ်းတွေ အချိန်မီ ပြီးစီးဖို့အတွက် ဒီ တန်ဖိုးတွေကို ပေးဆပ်ဖို့ အသင့်ပါပဲ။

အိန္ဒိယရဲ့ အခန်းကဏ္ဍ

ဒီ နေရာမှာ အိန္ဒိယအပါအဝင် အိမ်နီးချင်းနိုင်ငံတွေအတွက် သင်ခန်းစာ ယူစရာ ရှိပါတယ်။ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကို နာမည်ခံလောက်ပဲ ထောက်ခံရင်တောင် အာဏာသိမ်း အစိုးရကို အသိအမှတ်ပြုလိုက်သလို ဖြစ်သွားနိုင်ပါတယ်။ ဒါ့အပြင် အိန္ဒိယရဲ့ ကုလားတန်စီမံကိန်း ဖြတ်သန်းရာ နယ်မြေတွေကို ထိန်းချုပ်ထားတဲ့ ရက္ခိုင့်တပ်တော် (AA) နဲ့ ချင်းလက်နက်ကိုင်အဖွဲ့တွေနဲ့ တည်ဆောက်ထားတဲ့ ဆက်ဆံရေးကိုလည်း ထိခိုက်စေနိုင်ပါတယ်။

ဒါပေမဲ့ အိန္ဒိယဟာ မြန်မာ စစ်ကော်မရှင်နဲ့ လမ်းခွဲဖို့ မရည်ရွယ်သေးတာတော့ ရှင်းပါတယ်။ မိုဒီ အစိုးရဟာ ဒီ ရွေးကောက်ပွဲကနေတဆင့် စစ်ကော်မရှင်နဲ့ ဆက်ဆံရေးကို တရားဝင်ဖြစ်အောင် လုပ်ဖို့နဲ့ အတူတူ လက်တွဲ လုပ်ဆောင်နိုင်ရေး ရှာကြံနေပါတယ်။ ဒါကို နှစ်ဖက်ကြား မကြာသေးခင်က တွေ့ဆုံမှုတွေက ညွှန်ပြနေပြီး “ပိုကောင်းတဲ့ အခွင့်အလမ်းတွေ” ကို အိန္ဒိယက ကြံဆနေတာပဲ ဖြစ်ပါတယ်။ အိန္ဒိယအတွက်က နေပြည်တော်မှာ ဘယ်သူပဲ တက်တက်၊ ပြည်သူ လက်ခံသည် ဖြစ်စေ၊ လက်မခံလည်း ဖြစ်စေ ခိုင်မာတဲ့ ဗဟိုအစိုးရက သူတို့အတွက် လက်တွဲလုပ်ကိုင်ဖို့ အကောင်းဆုံး မိတ်ဖက်အဖြစ်ပဲ စဉ်းစားတာ ဖြစ်ပါတယ်။

ဒါဟာ မြန်မာနိုင်ငံမှာ ဘယ်သူအာဏာရရ ဆက်ဆံမယ်ဆိုတဲ့ အိန္ဒိယရဲ့ ကာလရှည် သံတမန်ရေးရာ ရပ်တည်ချက်ပါပဲ။ တခြားတဖက်က ကြည့်ရင်လည်း မိုဒီအစိုးရဟာ ဖက်ဒရယ်စနစ်ထက် ဗဟိုချုပ်ကိုင်မှုရှိတဲ့ ဒီမိုကရေစီကို ပို ကြိုက်နှစ်သက်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

အိန္ဒိယက စစ်ကော်မရှင် ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ်ပြုလိုက်ရင် တော်လှန်ရေးအဖွဲ့တွေက အိန္ဒိယနဲ့ ဆက်ဆံရေး ချက်ချင်း ဖြတ်တောက်မှာ မဟုတ်ပေမယ့် အိန္ဒိယကို ဖက်ဒရယ်ဒီမိုကရေစီရဲ့ စံပြနမူနာအဖြစ် ကြည့်နေတဲ့ မြန်မာ့ ဒီမိုကရေစီအင်အားစုတွေကြားမှာ စိတ်ပျက်စရာ ဖြစ်သွားပါလိမ့်မယ်။ တရုတ်ရဲ့ တပါတီအာဏာရှင်စနစ်က မြန်မာနိုင်ငံရဲ့ လူမျိုးစုံ ယဉ်ကျေးမှုနဲ့ မကိုက်ညီပေမယ့် အိန္ဒိယရဲ့ စနစ်ကတော့ အတုယူစရာလို့ မြင်ထားကြတာမို့ပါပဲ။

အိန္ဒိယအနေနဲ့ ဒီ ကွာခြားချက်ကို အသုံးချရပါမယ်။ ဒါကြောင့် ဒီမိုကရေစီ အင်အားစုတွေနဲ့ ဆက်ဆံရေးကို တဖြည်းဖြည်း တိုးမြှင့်ရပါမယ်။ တချိန်တည်းမှာပဲ လူထု မထောက်ခံတဲ့ စစ်အုပ်စုနဲ့ မင်းအောင်လှိုင် တင်မြှောက်မယ့် အရပ်သားတပိုင်းအစိုးရနဲ့ ဆက်ဆံရေးကို လျှော့ချပြီး မြန်မာနိုင်ငံ အနောက်ဘက်က အိန္ဒိယနဲ့ လက်တွဲချင်တဲ့ တိုင်းရင်းသားအဖွဲ့တွေနဲ့ မဟာဗျူဟာမြောက် ဆက်ဆံရေးကို တိတ်တဆိတ် တည်ဆောက်ရပါမယ်။

အဓိကအချက်ကတော့ အိန္ဒိယရဲ့ လုံခြုံရေးကို ဘယ်တုန်းကမှ အလေးမထားခဲ့တဲ့ စစ်အုပ်စုရဲ့ အိပ်မက်တွေကို နားထောင်မယ့်အစား မြေပြင်က ပြည်သူတွေရဲ့ ဆင်းရဲဒုက္ခနဲ့ မျှော်လင့်ချက်တွေကို နားထောင်ဖို့ ဖြစ်ပါတယ်။ ပြည်သူကို ဗဟိုပြုတဲ့ နိုင်ငံခြားရေး မူဝါဒကို ကျင့်သုံးခြင်းအားဖြင့် အိန္ဒိယဟာ တရုတ်ကို အသာစီးရယူနိုင်သလို ပြောင်းလဲနေတဲ့ မြန်မာနိုင်ငံမှာလည်း နိုင်ငံရေးနဲ့ မဟာဗျူဟာအရ အခြေခိုင်လာမှာ ဖြစ်ပါတယ်။

Scroll မှ Myanmar: The junta-organised ‘election’ is a poorly-crafted illusion. India must not fall for it ကို မိုးသဲ ဘာသာပြန်သည်။

Popular posts from this blog

နအဖ အဖွဲ့ဝင်များနှင့် စစ်အရာရှိကြီးများ စဉ် ဌာန ၁ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၂ ဒုတိယတပ်မတော် ကာကွယ်ရေး

၂၀၀၈ တည်ရှိသမျှ ကိုယ်စားလှယ်အဖြစ်တည်ရှိကြောင်း NLD ထုတ်ပြန်

ဘဏ်များ ယာယီ ပိတ်ထားရန် မြန်မာနိုင်ငံ ဘဏ်များအသင်း ထုတ်ပြန်