မြန်မာ့အရေး ကြားဝင်စေ့စပ်မှုတွင် ထိုင်း ပျက်ကွက်နေခြင်း

United World

မြန်မာ့အကျပ်အတည်းသည် မည်သည့်အချိန်တွင် အဆုံးသတ်မည်ကို မခန့်မှန်းနိုင်သေးပေ။ စစ်အုပ်စုက ယခင်အတိုင်း အာဏာကို ဆက်လက်ဆုပ်ကိုင်ထားဆဲ ဖြစ်သလို စစ်အာဏာရှင်ဆန့်ကျင်ရေး အင်အားစုများကလည်း ယခင်ကထက် ပိုမိုစည်းလုံးညီညွတ်လာကြသည်။

တဖက်တွင်မူ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေများမှာ တလထက်တလ ပိုမိုဆိုးရွားလာနေ သည်။ ထိုသို့သော မသေချာမှုများနှင့် အလုပ်မဖြစ်မှုများကြားတွင် ထိုင်းနိုင်ငံသည် ငြိမ်းချမ်းရေးအတွက် အားကိုးရမည့် အင်အားစုတခုအဖြစ် ရပ်တည်ရန် ကြိုးပမ်းခဲ့သော်လည်း လက်တွေ့တွင် ထိုင်း၏ တိကျရေရာမှုမရှိသော သံ တမန်ရေးရာ လုပ်ရပ်များ သည် အခြေအနေကို ပိုမိုဆိုးရွားစေရုံသာမက အာဆီယံတခုလုံးအနေဖြင့်လည်း အဆို ပါအကျပ်အတည်းအပေါ် စုပေါင်းခေါင်းဆောင်မှုနှင့် ညီညွတ်မှု ကင်းမဲ့နေကြောင်းကိုသာ ပေါ်လွင်စေခဲ့သည်။

ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံနှင့် နီးကပ်စွာ တည်ရှိခြင်း၊ စီးပွားရေးအရ ဆက်နွှယ်မှုရှိခြင်းနှင့် နယ်နိမိတ်ချင်း ထိစပ်နေခြင်းတို့ကြောင့် မြန်မာ့အရေးနှင့် ပတ်သက်လာလျှင် အကျိုးဆက်များကို အစောဆုံး ရင်ဆိုင်ကြုံတွေ့ရသည့် နိုင်ငံဖြစ်သည်။

သို့သော် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာ့အရေးအပေါ် ထိုင်း၏ တုံ့ပြန်ပုံမှာ မတည်ငြိမ်ဘဲ ပြောင်း လဲနေတတ်သလို တဖက်တွင်လည်း စစ်အုပ်စုဘက်သို့ ယိမ်းနေသည်ဟု ယူဆရသည်။ ထိုရပ်တည်ချက်မှာ စစ်အုပ်စုအပေါ် အတိုင်းအတာတခုအထိ ပြတ်ပြတ်သားသား ဆန့်ကျင်ကန့်ကွက်မှု ပြသခဲ့ကြသည့် မလေးရှားနှင့် အင်ဒိုနီးရှားကဲ့သို့သော ကျန်အာဆီယံနိုင်ငံများ၏ ရပ်တည်ချက်နှင့် ကွဲပြားနေသည်။

ထိုသို့ တိကျပြတ်သားမှုမရှိခြင်းမှာ သံတမန်ရေးရာ အမူအရာသက်သက်သာ မဟုတ်ဘဲ မဟာဗျူဟာမြောက် ရည်ရွယ်ချက်အချို့ ရှိနေသည်ကိုလည်း ပြသနေသည်။ စစ်တပ်ကျောထောက်နောက်ခံပြု ထိုင်းအစိုးရသည် မြန်မာစစ်အုပ်စုကို ဖယ်ကြဉ်ရမည့်သူအဖြစ် မရှုမြင်ဘဲ စိတ်တူကိုယ်တူ မိတ်ဖက်အဖြစ်သာ ရှုမြင်သည်။

နှစ်ဖက်စလုံးသည် လူထုအုံကြွမှုများကို မနှစ်မြို့ကြဘဲ စစ်တပ်၏ အာဏာစက်ကိုသာ အလေးထားကြသလို အတိုက်အခံများကို နှိမ်နင်းသည့် မှတ်တမ်းများလည်း အသီးသီး ရှိကြသည်။ ထို့ကြောင့် ထိုင်း၏ ညှိနှိုင်းမှုဆိုင်ရာ အခြေခံရပ်တည်ချက်များသည် မူလကတည်းက လွဲချော်နေပြီး အကျပ်အတည်းကို ဒီမိုကရေစီ သို့မဟုတ် လူသားချင်းစာနာမှု ရှုထောင့်မှ မရှုမြင်ဘဲ ဒေသတွင်း စုစည်းမှုနှင့် လက်ရှိအာဏာရ စစ်အုပ်စု ရပ်တည်ရှင်သန်ရေး ရှုထောင့်မှသာ အဓိပ္ပာယ်ဖွင့်ဆိုရန် ကြိုးပမ်းနေသောကြောင့် ဖြစ်သည်။

အကျိုးဆက်အနေဖြင့် မြန်မာ့နိုင်ငံရေးအသိုင်းအဝိုင်းမှ ဒီမိုကရေစီလိုလားသော အတိုက်အခံများက ထိုင်း၏ ကြိုးပမ်းအားထုတ်မှုများကို ဘက်လိုက်မှုကင်းသည် သို့မဟုတ် ယုံကြည်စိတ်ချရသည်ဟု မရှုမြင်ကြတော့ပေ။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ (EAOs)၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် အမျိုးသားညီညွတ် ရေးအစိုးရ (NUG) တို့သည် ထိုင်း၏ ရည်ရွယ်ချက်အပေါ် ယုံကြည်မှုမရှိကြောင်း ဆက်တိုက် ထုတ်ဖော်ပြောဆိုခဲ့ကြသည်။ အစုအဖွဲ့များကြား ယုံကြည်မှု ကင်းမဲ့နေခြင်းက ကြားဝင်စေ့စပ်ညှိနှိုင်းရေးကို မဖြစ်နိုင်စေဘဲ ထိုင်း၏ လျှို့ဝှက်သံတမန်ရေးရာ လုပ်ဆောင်ချက်များက ယုံကြည်မှုကို ပိုမိုကျဆင်းစေခဲ့သည်။

ထို့ပြင် ထိုင်း၏ တကိုယ်တော် လုပ်ဆောင်ချက်များသည် မြန်မာ့အရေးနှင့် ပတ်သက်၍ အားနည်းနေနှင့်ပြီးသားဖြစ်သော အာဆီယံ၏ ဘုံသဘောတူညီချက်ကို ပိုမိုအားလျော့စေခဲ့သည်။ ၂၀၂၁ ခုနှစ်တွင် အာဆီယံက ချမှတ်ခဲ့သော “ဘုံသဘောတူညီချက် ငါးရပ်” အလုပ်မဖြစ်ရခြင်းမှာ ထိုင်းကဲ့သို့သော နိုင်ငံများက ထိုအချက်များကို အလေးအနက် မထားခြင်းကြောင့်လည်း ပါဝင်သည်။ အဆိုပါ အချက်ငါးချက်တွင် အကြမ်းဖက်မှုများ ရပ်တန့်ရန်၊ အဖွဲ့အစည်းအားလုံး ပါဝင်သော ဆွေးနွေးပွဲများ ပြုလုပ်ရန်၊ အကူအညီများ ပေးအပ်ရန်နှင့် အထူးကိုယ်စားလှယ် တဦး ခန့်အပ်ရန်တို့ ပါဝင်သော်လည်း ယင်းရည်မှန်းချက် အများစုမှာ ယနေ့တိုင် အကောင်အထည် မဖော်နိုင်သေးပေ။

အခြားနိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရေးနှင့် ဘုံသဘောတူညီချက်အပေါ် အခြေခံထားသည့် အာဆီယံ၏ မူဘောင်မှာ ယခုကဲ့သို့သော ပြည်တွင်းအကျပ်အတည်းများကို ဖြေရှင်းရန်အတွက် မူလကတည်းက ရည်ရွယ်ထားခြင်း မဟုတ်သည်ကို သတိပြုသင့်သည်။

သို့သော် အာဆီယံအနေဖြင့် အနည်းဆုံးအားဖြင့် အဖွဲ့လိုက် ညီညွတ်သော ရပ်တည်ချက်တခုကိုပင် မပြသနိုင်ခြင်းကြောင့် အဖွဲ့ဝင်နိုင်ငံများကို ကွဲပြားသော မူဝါဒများ ကိုယ်စီကျင့်သုံးရန် အခွင့်အရေး ပေးလိုက်သကဲ့သို့ ဖြစ်စေခဲ့သည်။ ထို့ကြောင့် အာဆီယံသည် ငြိမ်းချမ်းရေး ဖော်ဆောင်သည့် အဖွဲ့အစည်းတခုအဖြစ် ရှိသင့်သည့် အလား အလာနှင့် ယုံကြည်ကိုးစားမှုတို့ ဆုံးရှုံးခဲ့ရသည်။

ထိုင်းနိုင်ငံအနေဖြင့် မြန်မာ့ပဋိပက္ခတွင် ပါဝင်ပတ်သက်နေရခြင်းမှာ အခြားအကြောင်းရင်းများလည်း ရှိနေသည်။ နှစ်နိုင်ငံကြား မိုင်ပေါင်း ၂,၀၀၀ ကျော် ရှည်လျားသော နယ်နိမိတ်ချင်း ထိစပ်နေကာ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင်လည်း ဒုက္ခသည် ၉၀,၀၀၀ ခန့် ရှိနေသည်။

မြန်မာနိုင်ငံတွင် ပဋိပက္ခများ ပိုမိုပြင်းထန်လာပါက စစ်ဘေးရှောင်များ နယ်စပ်ကို ကျော်ဖြတ်လာမည်ကို ထိုင်းက စိုးရိမ် သည်။ သို့သော်လည်း ထိုင်းသည် အဆိုပါပြဿနာများကို မှန်ကန်သော သံတမန်နည်းလမ်းများဖြင့် ဖြေရှင်းမည့်အစား ရေရှည်တရားမျှတမှုထက် ရေတိုငြိမ်းချမ်းရေးကိုသာ ထိန်းသိမ်းရန် ကြိုးပမ်းနေသည်။

သို့သော် အမှန်တကယ် ပေးဆပ်နေရသူများမှာ မြန်မာနိုင်ငံသားများသာ ဖြစ်သည်။ စစ်အုပ်စုသည် အရပ်သားများအပေါ် ရက်စက်စွာ တိုက်ခိုက်ခြင်းနှင့် ကျေးရွာများကို ဖျက်ဆီးခြင်းများကို လျှော့ချမည့် အရိပ်အယောင် မပြသလို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ပေးအပ်နိုင်မှုမှာလည်း တိုးတက်လာခြင်း မရှိပေ။ ထို့ပြင် တိုင်းရင်းသားပြည်နယ်များနှင့် မြန်မာပြည်အလယ်ပိုင်း၌ပင် အတိုက်အခံ လှုပ်ရှားမှုများ ပိုမိုအားကောင်းလာခြင်းက ပဋိပက္ခ ရေရှည်ဖြစ်ပွားနိုင်ပြီး ပြည်နယ်များ ပြိုကွဲသွားသော နိုင်ငံတနိုင်ငံ ဖြစ်လာနိုင်သည်။

အားနည်းပြီး စိတ်ဝမ်းကွဲနေသည့် အာဆီယံနှင့် ထိုင်းကဲ့သို့သော စည်းကမ်းမလိုက်နာသည့် စေ့စပ်ညှိနှိုင်းသူများ ရှိနေခြင်းမှာ ပိုမိုကောင်းမွန်သော အနာဂတ်အတွက် မျှော်လင့်ချက် အလင်းရောင်ကို မမြင်တွေ့နိုင်တော့ပေ။

သို့သော် အခြားရွေးချယ်စရာ နည်းလမ်းများတော့ ရှိသေးသည်။ အင်ဒိုနီးရှားနိုင်ငံသည် အာဆီယံဥက္ကဋ္ဌ တာဝန်ယူစဉ်အတွင်း စစ်အုပ်စုကို တရားဝင်အစိုးရအဖြစ် အသိအမှတ်မပြုဘဲ NUG နှင့် EAOs တို့ကိုလည်း တဖက်တွင် ဆက်သွယ်ကာ လူသားချင်းစာနာထောက်ထားရေးကို အလေးပေးခဲ့သည်။ မလေးရှားသည်လည်း အတိုက်အခံများနှင့် ပိုမိုထိတွေ့ဆက်ဆံပြီး အာဆီယံစနစ်ကို မြှင့်တင်ရန် တိုက်တွန်းခဲ့သည်။ အဆိုပါ ကြိုးပမ်းမှုများသည် အလွန် အမင်း ထိရောက်မှု မရှိသေးသော်လည်း၊ အနည်းဆုံးအားဖြင့် ဘုံသဘောတူညီချက်များကြောင့် ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်နေသည့် အခြေအနေကို ကျော်လွှားနိုင်ရန် ကြိုးပမ်းနေကြခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် အမှန်တကယ် ငြိမ်းချမ်းရေး ရရှိစေလိုပါက မိမိ၏ အခန်းကဏ္ဍကို ပြန်လည်စဉ်းစားရမည်။ ပထမဦးစွာ အာဆီယံ၏ တရားဝင် သံတမန်ရေးရာ ကြိုးပမ်းမှုများကို အလေးပေးလျက် အာဆီယံမူဘောင်များအား ဆန့်ကျင်လုပ်ဆောင်နေခြင်းကို ရပ်တန့်ရမည်။ ဒုတိယအနေဖြင့် ယုံကြည်ရသော မည်သည့်ကြားဝင်စေ့စပ်မှုမဆို စစ်အုပ်စုကိုသာမက မြန်မာနိုင်ငံရှိ သက်ဆိုင်သူအားလုံးကို ဦးတည်ရမည်ဖြစ်ကြောင်း လက်ခံရမည်။ တတိယအနေဖြင့် ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် အရပ်ဘက်အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ အကူအညီများ ပေးအပ်နိုင်ရေးအတွက် သက်ဆိုင်ရာ ဒေသအတွင်း လူသားချင်းစာနာမှုဆိုင်ရာ အလုပ်အဖွဲ့တခု ဖွဲ့စည်းရေးကို မြှင့်တင်ပေးရမည် ဖြစ်သည်။

ထိုင်းနိုင်ငံနှင့် ပတ်သက်၍လည်း အာဆီယံအနေဖြင့် လက်ရှိဗျူဟာတွင် ကန့်သတ်ချက်များ ရှိနေသည်ကို ထည့်သွင်းစဉ်းစားရမည်။ ဘုံသဘောတူညီချက် ငါးရပ်ကို အကောင်အထည် မဖော်နိုင်ခြင်းအပေါ် သင့်လျော်သော အရေးယူမှုများ ချမှတ်ရန်နှင့် အကျပ်အတည်းအတွင်း ပိုမိုကောင်းမွန်သော ဆုံးဖြတ်ချက်ချမှတ်မှုများ ဖြစ်လာစေရန် ဖော်ဆောင်ရမည်။

ထို့ပြင် အထူးကိုယ်စားလှယ် ခန့်အပ်ရာတွင်လည်း အနှစ်သာရမရှိဘဲ အလုပ်မဖြစ်သော ခန့်အပ်မှုများထက် ဗျူဟာကျကျနှင့် တိကျပြတ်သားသော ခန့်အပ်မှုများကို ပြုလုပ်သင့်သည်။

မြန်မာ့အကျပ်အတည်းသည် အာဆီယံအတွက် စမ်းသပ်မှုတခု ဖြစ်လာသည်။ ဒေသတွင်း၏ လုံခြုံရေးနှင့် ဂုဏ်သတင်းသည် မိမိတို့၏ နယ်စပ်ရှိ အကျပ်အတည်းအား ကိုင်တွယ်ဖြေရှင်းပုံအပေါ် မူတည်ပေလိမ့်မည်။ နိုင်ငံတခု၏ ကိုယ်ကျိုးစီးပွားတွက်ချက်မှုသည် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများကို မည်သို့ အဟန့်အတားဖြစ်စေနိုင်ကြောင်း ထိုင်းနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒတွင် ကျင့်သုံးနေသော နှစ်ခွဖြစ်မှုများက သက်သေပြနေသည်။

အာဆီယံအနေဖြင့် သတင်းထုတ်ပြန်ချက်များ ထုတ်ပြန်နေခြင်းနှင့် ထိပ်သီးအစည်းအဝေးများ ကျင်းပခြင်းထက် ပိုမိုအဓိပ္ပာယ်ရှိသော အဖွဲ့အစည်းဖြစ်လိုပါက သံတမန်ရေးရာကို အသက်ပြန်သွင်းခြင်း၊ စွမ်းဆောင်နိုင်သူများကို ဖော်ထုတ်ခြင်းနှင့် ကိုယ်ကျင့်တရားဆိုင်ရာ လုပ်ငန်းစဉ်များကို မဟာဗျူဟာမြောက် ရည်မှန်းချက်များနှင့် ကိုက်ညီအောင် ညှိနှိုင်းခြင်းတို့ဖြင့် မိမိ၏ အရေးပါမှုကို ပြသရမည်ဖြစ်သည်။ သို့မဟုတ်ပါက မြန်မာနိုင်ငံကိုလည်း ကယ်တင်နိုင်မည်မဟုတ်သလို မိမိကိုယ်မိမိလည်း ကယ်တင်နိုင်မည် မဟုတ်ပေ။

မြန်မာပြည်သူများသည် လွယ်ကူသော ဘုံသဘောတူညီချက်တရပ်ထက် ပိုမိုကောင်းမွန်သော အရာများနှင့် ထိုက်တန်သည်။ ပြည်သူများ လိုလားသည်မှာ တရားမျှတမှုရှိသော ငြိမ်းချမ်းရေးဖြစ်ပြီး ၎င်းတို့ကို ကျောမခိုင်းဘဲ ရပ်တည်ပေးမည့် အာရှဒေသတခု ဖြစ်ပေသည်။

United World မှ Thailand’s Myanmar Mediation Is Failing အား Brownie ဘာသာပြန်သည်။

Popular posts from this blog

နအဖ အဖွဲ့ဝင်များနှင့် စစ်အရာရှိကြီးများ စဉ် ဌာန ၁ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၂ ဒုတိယတပ်မတော် ကာကွယ်ရေး

၂၀၀၈ တည်ရှိသမျှ ကိုယ်စားလှယ်အဖြစ်တည်ရှိကြောင်း NLD ထုတ်ပြန်

ဘဏ်များ ယာယီ ပိတ်ထားရန် မြန်မာနိုင်ငံ ဘဏ်များအသင်း ထုတ်ပြန်