ပြိုင်ဘက်မရှိသည့် နယ်မြေများအပါအဝင် မဲဆန္ဒနယ် ၅၂ ခုတွင် ကြံ့ဖွံ့ပါတီ အနိုင်ရဟု စစ်ကော်မရှင်ဆို

001

မဇ္ဈိမ။ ။ စစ်ကော်မရှင်ရွေးကောက်ပွဲ ပထမပိုင်းတွင်ပါဝင်သည့် မဲဆန္ဒနယ် ၅၆ နေရာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့)က ပြိုင်ဘက်မရှိသည့်နေရာများ အပါအဝင် မဲဆန္ဒနယ် ၅၂ နေရာတွင် အနိုင်ရရှိကြောင်း စစ်ကော်မ ရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)က ယနေ့ (ဇန်နဝါရီ ၃) ထုတ် စစ်ကော်မရှင်ထိန်းချုပ် သတင်းစာများမှတဆင့် ထုတ်ပြန်သည်။

ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် နေရာ ၄၀ ၊ အမျိုးသားလွှတ်တော် မဲအများဆုံးရသူအနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ် တနေရာနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် မဲအများဆုံးရသူအနိုင်ယူစနစ် (FPTP)မဲဆန္ဒနယ် ၁၅ နေရာတို့အတွက် လွှတ်တော်ကိုယ်စားလှယ်အမည်စာရင်းများကို အတည်ပြုကြေညာခဲ့ခြင်းဖြစ်သည်။

ထိုအထဲတွင် မဲဆန္ဒနယ် ၂၅ နေရာမှလွဲပြီး ကျန် ၃၁ နေရာတွင် ပါတီတခုတည်းကသာ ဝင်ပြိုင်ခဲ့ပြီး ရွေးကောက်ပွဲကျင်းပစရာမလိုဘဲ အနိုင်ရခဲ့ခြင်းဖြစ်သည်။

ပြိုင်ဘက်မရှိသည့်နေရာများတွင်မူ ကြံ့ဖွံ့ပါတီက ၂၈ နေရာအနိုင်ရပြီး ရှမ်းနှင့် တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ) က တနေရာ၊ “ဝ”အမျိုးသားပါတီက တ နေရာနှင့် အာခါအမျိုးသားဖွံဖြိုးတိုးတက်ရေးပါတီတို့က တ နေရာစီ ပါဝင်သည်။

ပြိုင်ဘက်မရှိသည့် မဲဆန္ဒနယ်များမှာ ပြည်သူ့လွှတ်တော်တွင် ကချင်ပြည်နယ်၊ နောင်မွန်း၊ မံစီ၊ ရွှေကူ၊ စစ်ကိုင်း တိုင်း မင်းကင်း၊ ဝန်းသို၊ မော်လိုက်၊ ကနီ၊ ဆားလင်းကြီး၊ ရေဦး၊ တနင်္သာရီတိုင်း ရေဖြူ၊ လောင်းလုံ၊ မကွေးတိုင်း ဂန့်ဂေါနှင့် ရှမ်းပြည်နယ် မက်မန်း၊ ဖယ်ခုံ၊ မိုးနဲ တို့ဖြစ်သည်။

ထို့ပြင် အမျိုးသားလွှတ်တော်တွင် “ဝ”အမျိုးသားပါတီအနိုင်ရသည့် ရှမ်းပြည်နယ်၊ အမျိုးသားလွှတ်တော် FPTP မဲဆန္ဒနယ်အမှတ် (၁) နေရာနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် FPTP တွင် အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ အနိုင်ရသည့် အာခါတိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်၊ ကြံ့ဖွံ့ပါတီအနိုင်ရသည့် ကချင်၊ စစ်ကိုင်း၊ တနင်္သာရီ၊ မကွေးနှင့် ရှမ်းတို့မှ ၁၄ နေရာတို့ဖြစ်သည်။

ပါတီများဝင်ရောက်ယှဉ်ပြိုင်ကြသည့် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၂၅ နေရာတွင်မူ ကြံခိုင်ရေးပါတီက ၂၄နေရာအနိုင်ရပြီး မွန်ညီညွတ်ရေးပါတီက ပြည်သူ့လွှတ်တော် မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တနေရာ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် မဲဆန္ဒနယ် ၅၆ နေရာတွင် လေးနေရာတွင်သာ တိုင်းရင်းသားပါတီများ အနိုင်ရပြီး ကျန်နေရာများကို ကြံ့ဖွံ့ပါတီက အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

စစ်ကော်မရှင်၏ ရွေးကောက်ပွဲပထမပိုင်းကို ပြီးခဲ့သည့် ဒီဇင်ဘာ ၂၈ ရက်နေ့က မြို့နယ် ၁၀၂ မြို့နယ်တွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ရလဒ် တချို့တဝက်ကို ထုတ်ပြန်လာခြင်းဖြစ်သည်။

နိုင်ငံအတွင်း ကျယ်ပြန့်စွာဖြစ်ပွားနေသည့် ပဋိပက္ခများကြားမှ ကျင်းပသည့် အဆိုပါ ရွေးကောက်ပွဲ ဒုတိယပိုင်းကို လာမည့် ဇန်နဝါရီ ၁၁ ရက်နေ့နှင့် တတိယပိုင်းကို ဇန်နဝါရီ ၂၅ ရက်နေ့တို့တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်းဆိုထားသည်။

နိုင်ငံအတွင်းမြို့နယ် ၃၃၀ တွင် ရွေးကောက်ပွဲ မကျင်းပနိုင်သည့် မြို့နယ် ၆၅ မြို့နယ်ရှိသည့်အပြင် ရွေးကောက်ပွဲကျင်းပမည် ဟုဆိုထားသည့် မြို့နယ်များထဲတွင်လည်း ရွေးကောက်ပွဲမလုပ်နိုင်သည့် ရပ်ကွက်၊ကျေးရွာအုပ်စု ၄,၀၀၀ နီးပါးရှိကြောင်း စစ်ကော်မရှင်က ထုတ်ပြန်ထားသည်။

စစ်ကော်မရှင်၏ ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတမှုရှိမည်မဟုတ်ကြောင်း၊ အတုအယောင်သာဖြစ်ပြီး လက်မခံကြောင်းတော်လှန်ရေးအင်အားစုများ၊ ပြည်တွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများက ပြောဆိုထားသည်။

စာတည်း။ ။ နောင်နောင်

Popular posts from this blog

နအဖ အဖွဲ့ဝင်များနှင့် စစ်အရာရှိကြီးများ စဉ် ဌာန ၁ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၂ ဒုတိယတပ်မတော် ကာကွယ်ရေး

၂၀၀၈ တည်ရှိသမျှ ကိုယ်စားလှယ်အဖြစ်တည်ရှိကြောင်း NLD ထုတ်ပြန်

ဘဏ်များ ယာယီ ပိတ်ထားရန် မြန်မာနိုင်ငံ ဘဏ်များအသင်း ထုတ်ပြန်