Thursday, September 30, 2010

လယ်သိမ်းမှု တိုင်သဖြင့် တရားစွဲခံရသူများအမှု ILO တက်မည်

ဆလိုင်း ဟံသာစန်း

နယူးဒေလီ (မဇ္ဈိမ) ။ ။ ကျေးရွာဥက္ကဋ္ဌ လယ်သိမ်းသည်ကို မကွေးတိုင်းကောင်စီ တယကထံ တိုင်ကြားပေးသဖြင့် တရားစွဲခံရသူ ရွာသား ၃ ဦးကိစ္စကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် ILO ထံ မနက်ဖြန် တင်ပြမည်ဟု အမှုကူညီဆောင်ရွက်ပေးနေသူက ပြောသည်။

ချောက်မြို့နယ် ကျောက်ရဲရွာမှ ကိုညိုဒေါင့်၊ ဦးသန်းငွေနှင့် ရွာသစ်မှ ဦးလှရွှေတို့က ကျောက်ရဲရွာ ဥက္ကဋ္ဌ လယ်သိမ်းယူမှု၊ လာဘ်စားမှုနှင့် အဓမ္မလုပ်အားပေး ခိုင်းစေမှုများကို တိုင်းကောင်စီထံ တိုင်သဖြင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးမြင့်ဆွေက မြို့နယ် တရားရုံးတွင် တရားစွဲထားရာ အမှုမှန်ပေါ်ရေးနှင့် တရားမျှတရေးအတွက် ဗိုလ်ချုပ်မှူးကြီးနှင့် ILO ထံ တင်ပြမည်ဟု ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသက်ဝေက ဆိုသည်။

“အဓမ္မလုပ်အားပေးခိုင်းမှုနဲ့ နောက်ဆက်တွဲ လယ်ယာမြေ သိမ်းတယ်။ နောက်တခုက ပညာရေးနဲ့ ကျန်းမာရေးအတွက် ကောက်ယူတဲ့ ရန်ပုံငွေတွေကို အလွဲသုံးစား လုပ်ထားတဲ့အပေါ် အထောက်အထားတွေနဲ့ တင်ပြနိုင်ပါလျက်နဲ့ တရားစွဲခံနေရတဲ့ ကိစ္စကို နိုင်ငံတော် အကြီးအကဲနဲ့ ILO ထံ တိုင်ကြားမှာ ဖြစ်ပါတယ်” ဟု ဦးသုဝေက ပြောသည်။

ချောက်မြို့နယ် ကျောက်ရဲရွာမှ အသက် ၈၀ အရွယ် အဘွားဒေါ်ချင်းမပိုင် လယ် ၅ ဧက အနက် ၂ ဧကခွဲပေါ်တွင် ရယက ဥက္ကဋ္ဌ ဦးသန်းဌေးက ၂၀၀၆ ခုက နိုင်ငံတော် စီမံချက်ဟုဆိုကာ ကြက်ဆူပင်များ အဓမ္မစိုက်ခိုင်းခဲ့သည့်ကိစ္စ၊ ၂၀၀၇ တွင် ကြက်ဆူပင်များကို ဖျက်ဆီးပြီး ဒေါ်ချင်းမလယ်ကို အဓမ္မ သိမ်းခဲ့သည့်ကိစ္စများကို တရားစွဲခံရသူ ၃ ဦးက မကွေးတိုင်းကောင်စီထံ မနှစ် စက်တင်ဘာလ ၄ ရက်က တိုင်ကြားခဲ့သည်။

တိုင်ချက်များတွင် ရွာလူထုထံက ကောက်ထားသည့် ကျန်းမာရေးနှင့် ပညာရေးရန်ပုံငွေ ကျပ် ၂၅ သိန်းအား ဥက္ကဋ္ဌ အလွဲသုံးစား လုပ်မှုလည်း ပါသည်။

တိုင်ကြားမှုကြောင့် ခရိုင်ရဲတပ်ဖွဲ့မှူး ဒု ရဲမှူးကြီး သူရသွင်ကိုကိုနှင့်အဖွဲ့ ရွာထိ လာစစ်ခဲ့ပြီး မမှန်သတင်းပေး တိုင်သည်ဆိုကာ ဧပြီလတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးမြင့်ဆွေက တရားလို လုပ်ပြီး တိုင်ကြားသူများကို ချောက်မြို့နယ် တရားရုံး၌ တရားစွဲခဲ့သည်။

တရားဆိုင်သည်မှာ လအတော်ကြာနေပြီ ဖြစ်သော်လည်း အာဏာပိုင်များနှင့် ပတ်သက်သည့်အမှုဖြစ်၍ ရွာသားများ ရှေ့နေငှားမရဖြစ်နေကြောင်း ဦးသက်ဝေက ပြောသည်။

“သူတို့ ၁၀ လပိုင်း ၅ ရက်နေ့မှာ ရုံးချိန်း ရှိပါတယ်။ အခုထိ ရှေ့နေ မငှားနိုင်ကြသေးဘူး။ အဲဒီအတွက် ရှေ့နေအဖြစ် ကူညီဆောင်ရွက်ပေးဖို့ NLD ဥပဒေ အထောက်အကူပြုအဖွဲ့ကို တင်ပြပြီး အကူအညီ တောင်းသွားမှာပါ ဟု သူက ပြောသည်။

တရားစွဲခံနေရသူများထံ မဇ္ဈိမက ဆက်သွယ်ခဲ့သော်လည်း ခရီးလွန်နေကြသည့်အတွက် မဆက်သွယ်နိုင်ခဲ့ပါ။

“ရွာဥက္ကဋ္ဌက အဘွားဒေါ်ချင်းမရဲ့ လယ်ထဲမှာ ကြက်ဆူပင် အတင်းစိုက်ခိုင်းပြီး နောက်တော့ လယ်ကို သိမ်းပစ်လိုက်တာ။ အဲဒါကို ကိုသန်းငွေတို့က တိုင်းရုံးကို ကူပြီး တိုင်ပေးတာ။ အဲဒီလို တိုင်ပေးလို့ သူတို့ကို မမှန်မကန် တိုင်တယ်ဆိုပြီး တရားစွဲတာ” ဟု ကျောက်ရဲရွာသားတဦးက ပြောသည်။

ကိုညိုဒေါင့်သည် ဒေါ်ချင်းမ၏ တူတော်သူဖြစ်ပြီး တိုင်စာအကြမ်း ရေးပေးပြီး ဦးသန်းငွေမှ အချောပြန်ကူးကာ ဦးလှရွှေက တိုင်းရုံးသို့ စာပို့ရာတွင် ကူညီခဲ့သည်။

“အဘွားဒေါ်ချင်းမက အဲဒီလယ်ထဲမှာ မြေပဲတို့၊ ပဲစင်းငုံတို့ စိုက်ပြီး စားနေရတာပါ။ သနားစရာ ကောင်းပါတယ်။ လယ်အသိမ်းခံရတော့ အဘွားက တော်တော့ကို စိတ်မကောင်းဖြစ်သွားတာ” ဟု ကျောက်ရဲရွာသားက ပြောသည်။

စစ်အစိုးရနှင့် ILO တို့ ၂၀၀၇ ဖေဖော်ဝါရီက လက်မှတ်ထိုးခဲ့သည့် နားလည်မှု စာချွန်လွှာ၌ အဓမ္မ လုပ်အားပေး ခိုင်းစေမှုများ၊ လယ်ယာမြေ သိမ်းယူမှုများနှင့် ကလေးစစ်သားကိစ္စများအတွက် ILO ကို အသိပေး တိုင်ကြားသူများကို စစ်အစိုးရက တုံ့ပြန်အရေးမယူရန် ပါရှိသည်။

“အခုလို အဓမ္မခိုင်းစေပြီး လယ်ယာမြေ သိမ်းမှုတွေက မြန်မာပြည် တနံတလျားမှာ ရှိနေကြတယ်ဗျာ။ ဒီလို လယ်သမားတွေရဲ့ ဆုံးရှုံးနစ်နာနေမှုတွေကို ကာကွယ်ပေးနိုင်ဖို့ တောင်သူလယ်သမားသမဂ္ဂတွေလိုတယ်။ လွတ်လပ်စွာ အသင်းအပင်း ဖွဲ့စည်းဖို့ လိုတယ်လို့ ကျနော် ပြောချင်တယ်” ဟု ဦးသက်ဝေက ပြောသည်။

ယခုလအတွင်းမှာပင် ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်၊ နေပြည်တော်နှင့် မကွေးတိုင်းအတွင်းမှ လယ်ယာမြေ အမှုပေါင်း ၃၀ နီးပါးကို ILO နှင့် ချိတ်ဆက်၍ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သူက ပြောသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates