Wednesday, February 6, 2013

ခွဲသားထုတ်လုပ်ငန်းတွင် နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှု ၂၅ ရာခိုင်နှုန်းခွင့်ပြု

ခင်မျိုးသွယ် | ဗုဒ္ဓဟူးနေ့၊ ဖေဖေါ်ဝါရီလ ၀၆ ရက် ၂၀၁၃ ခုနှစ် ၁၄ နာရီ ၄၉ မိနစ်

ခွဲသားထုတ်လုပ်မှု လုပ်ငန်းတွင် နိုင်ငံခြားသား ရင်းနှီးမြှူပ်နှံမှုအား ၂၅ရာခိုင်နှုန်း ခွင့်ပြုမည်ဖြစ်ကြောင်း ဇန်န၀ါရီလ ၃၁ရက်နေ့က ထုတ်ပြန်သည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ထုတ်ပြန်ချက်တွင် ပါဝင်သည်။

ခွဲသားထုတ်လုပ်မှု လုပ်ငန်းသည် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန လက်အောက်တွင်ရှိသည့် အခြေခံပစ္စည်းဖြစ်သည်။

အဆိုပါ ၀န်ကြီးဌာနအောက်ရှိ ရင်းနှီးမြှုပ်နှံမှုများစွာလိုသော အဆင့်မြင့်နည်းပညာနှင့် ထုတ်လုပ်သည့် လုပ်ငန်းတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံအား ၄၉ ရာခိုင်နှုန်း အထိလည်းကောင်း၊ တဆင့်တက် ထုတ်ကုန် အုပ်စုများ တပိုင်းတစ ထုတ်လုပ်သည့် လုပ်ငန်းတွင် နိုင်ငံခြား ရင်းနှီးမြှူပ်နှံမှုအား ၃၅ရာခိုင်နှုန်းအထိ လည်းကောင်း ခွင့်ပြုသွားမည် ဖြစ်သည်။

ထို့အပြင် သစ်လုံးများ ထုတ်ယူ၍ ပြည်ပသို့ တင်ပို့ ရောင်းချခြင်း လုပ်ငန်းအား ပြည်ထောင်စု အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်ရမည်ဟု ဆိုသည်။  

အလားတူ သစ်တော စိုက်ခင်းထူထောင် လုပ်ကိုင်ခြင်းဆိုင်ရာ စည်းစနစ်များနှင့် စက်ကိရိယာများ ၊ ပေါင်းသတ်ဆေး၊ ပိုးသတ်ဆေး၊ အားတိုးဆေးများ၊ သစ်မျိုးများ ပြည်ပမှ တင်သွင်း သယ်ယူခြင်းလုပ်ငန်း၊ သစ်တောစိုက်ခင်းတည်ထောင် လုပ်ကိုင်ခြင်း လုပ်ငန်း၊ သစ်အခြေခံ စက်မှုလုပ်ငန်း၊ သစ်နှင့် သစ်အခြေခံ အချောထည် ထုတ်ကုန်များ၊ ပြည်တွင်း ပြည်ပ ကူးသန်းရောင်းဝယ် ဖောက်ကားခြင်းလုပ်ငန်းနှင့် သစ်တော နယ်မြေနှင့် သစ်တော ဖုံးလွှမ်းလျှက်ရှိသော အစိုးရ စီမံပိုင်ခွင့်ရှိသည့် မြေတွင် သဃံဇာတ အရင်းအမြစ်များ တူးဖော်ထုတ်လုပ်ခြင်းလုပ်ငန်း၊ သဘာဝ ခရီးသွားလုပ်ငန်း၊ အမျိုးသား ဥယျာဉ်လုပ်ငန်း၊ သစ်အခြေခံ စက်မှုလုပ်ငန်းနှင့် အခြားဝန်ဆောင်မှုလုပ်ငန်း၊ ကာဗွန် ထုတ်လုပ်မှု လျှော့ချခြင်းနှင့် ဆက်စပ်နေသည့် စီးပွားရေးလုပ်ငန်းများ၊ သစ်တောနယ်မြေကို နှစ်ရှည် ဌားရမ်းပြီး သစ်ခုတ်လှဲ ထုတ်လုပ်ခြင်းလုပ်ငန်း
ဆောင်ရွက်ခြင်း စသည့် လုပ်ငန်းများ လုပ်ကိုင်ရာတွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန၏ သဘောထား မှတ်ချက် ရယူဆောင်ရွက်ရမည် ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ပါရှိသည်
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates