Friday, January 11, 2013

KIO အပေါ် ထိုးစစ်မရပ်ပါက UNFC နိုင်ငံရေးဆွေးနွေးမှု ရပ်ဆိုင်းထားမည်

ဖနိဒါ | သောကြာနေ့၊ ဇန်နဝါရီလ ၁၁ ရက် ၂၀၁၃ ခုနှစ် ၁၆ နာရီ ၁၄ မိနစ်

ချင်းမိုင်(မဇ္စျိမ)။            ။ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ကို အစိုးရ၏ ထိုးစစ်ဆင်တိုက်ခိုက်မှု မရပ်ဆိုင်းပါက
ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်းဖော်ဆောင်ရေးကော်မတီနှင့်  နိုင်ငံရေးဆွေးနွေးမှု ရပ်ဆိုင်းထားမည်ဟု ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC က ပြောသည်။

UNFC နှစ်နှစ်ပြည့် နှစ်ပတ်လည် စည်းဝေးပွဲ (ဓာတ်ပုံ - မဇ္စျိမ)

ပထမအကြိမ် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၉ ရက်နေ့တွင် ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်းဖော်ဆောင်ရေး
ကော်မတီ ဒု-ဥက္ကဌ ဝန်ကြီး ဦးအောင်မင်းနှင့် တွေ့ဆုံချိန် ဦးအောင်မင်းနှင့် တွေ့ဆုံမှုတွင် နိုင်ငံရေး
ဆွေးနွေးရန် သဘောတူထားသည်။ ထို့ကြောင့် KIO အပေါ် ထိုးစစ်ဆင်တိုက်ခိုက်မှု ရပ်တန့်ပေးရေးကို အဓိက ပြောဆိုသွားမည်ဖြစ်ကြောင်း UNFC ၏ ပြောရေးဆိုခွင့်ရှိသူ နိုင်ဟံသာက ပြောသည်။

“ခုလို ထိုးစစ်ဆင်တဲ့အနေအထားမျိုးမှာ ကျနော်တို့ မဆွေးနွေးသေးဘူး။ သဘောကတော့ ကျနော်တို့ မကျေနပ်ဘူးဆိုတာ သူတို့ကို သိနေချင်တယ်”ဟု သူက မဇ္စျိမကို ပြောသည်။

ဝန်ကြီး ဦးအောင်မင်းနှင့် နိုင်ငံရေး ဆွေးနွေး ညှိနှိုင်းရန် သဘောတူညီခဲ့သော်လည်း အစိုးရဘက်မှ KIO ဘက်ကို စစ်ရေးအရ ထိုးစစ်ဆင်လာခဲ့ခြင်းသည် အပြောနှင့်အလုပ် မညီဟု သူက သုံးသပ်သည်။

ထို့ကြောင့် UNFC နှင့် အစိုးရတို့ လွတ်လပ်သည့် နိုင်ငံရေးဆွေးနွေးမှုကို နိုင်ငံတကာ၏ စောင့်ကြည့်မှု
အောက်တွင် ဆွေးနွေးလိုပြီး အမေရိကန်၊ ဥရောပနိုင်ငံများနှင့် ဂျပန်နိုင်ငံ စသည့်နိုင်ငံကြီးများ၏ ဖိအားပေးမှုများလည်း အရေးပါသည်ဟု နိုင်ဟံသာက ဆိုသည်။

“ကျနော်တို့က နိုင်ငံရေးဆွေးနွေးသွားမယ်လို့ သဘောတူညီမှု ရှိပြီးသား။ နောက်ပိုင်း စစ်ရေးအနေနဲ့ တိုးချဲ့ထိုးစစ်ဆင်လာတဲ့ အပေါ် သူတို့ အပြောနဲ့ အလုပ်နဲ့ မညီဘူး။ ဒါက မရိုးသားဘူး”ဟု သူ က ပြောသည်။ ဇန်နဝါရီလ ၇ ရက်နေ့က ၁၀ ရက်နေ့ထိ လေးရက်ကြာ UNFC နှစ်နှစ်ပြည့် နှစ်ပတ်လည် စည်းဝေးပွဲအပြီး တွင်သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

UNFC နှစ်နှစ်ပြည့် နှစ်ပတ်လည် စည်းဝေးပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင်တွေ့ရသော နိုင်ဟံသာ။ (ဓာတ်ပုံ - မဇ္စျိမ)

လွန်ခဲ့သည့် ၁၉၉၀ခုနှစ်က ကရင်အမျိုးသား အစည်းအရုံး KNU နှင့် ကရင်နီတိုးတက်ရေးပါတီ KNPP တို့အား စစ်ရေးအရ တိုက်ခိုက်မှုများ ရှိခဲ့ပြီး ယခု အစိုးရသစ်နှင့် အပစ် အခတ် ရပ်စဲရေး လုပ်ဆောင်မှု မှာလည်း KIO ကို တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သဖြင့် အစိုးရဘက်မှ နည်းဗျူဟာအရ လုပ်ဆောင်နေသည်ဟု ရှုမြင်ကြောင်း ဦးနိုင်ဟံသာ က သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ထို့ပြင် တနှစ်ကျော်ကြာ အစိုးရစစ်တပ်နှင့် KIO တို့ တိုက်ပွဲဖြစ်ပွားမှုအပေါ် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ရေငုံနုတ်ပိတ်နေခြင်းမှာ တိုင်းရင်းသားအရေးအား နားလည်သော်လည်း သူ၏ အဓိက ဦးစားပေး လုပ်ငန်းစဉ်အဖြင့် အရေးမထားခြင်း ဖြစ်သည်ဟု UNFC က ရှုမြင်သည်။

ဒေါ်အောင်ဆန်းစုကြည်ကို ဒီမိုကရေစီခေါင်းဆောင် အဖြစ်လက်ခံကြောင်း။ သူ့အနေနဲ့ အပြောင်းအလဲ များကို အစိုးရနှင့် သင့်တင့်အောင်ပေါင်းပြီး ဆွဲဆောင် စည်းရုံးမှုနှင့် တဖြေးဖြေးချင်း လုပ်ဆောင်သွားမည့် လိုင်းဖော်ဆောင်နေသည်ဟု သူမြင်ကြောင်း နိုင်ဟံသာက ပြောခဲ့သည်။

“ဒေါ်အောင်ဆန်းစုကြည်က အဲဒီ အပေါ်မှာ တပ်မတော်နဲ့ရော အစိုးရနဲ့ရော ပြဿနာ မဖြစ်ချင်လို့ မပြောတာလဲ ဖြစ်နိုင်သလို၊ တဖက်က သူက ကျနော်တို့ တိုင်းရင်းသားတွေဘက်က ပုဂ္ဂိုလ်တယောက် မဟုတ်တော့ ကျနော်တို့ရဲ့ နစ်နာမှု၊ ခံစားမှုကို သိပ်မခံစားမိဘဲနဲ့ ဒီဟာကို လျစ်လျု ရူထားတဲ့ သဘောမျိုးလည်း ဖြစ်နိုင်တယ်။ ဒါက ကျနော်တို့ရဲ့ သုံးသပ်ချက်ပါ”ဟု နိုင်ဟံသာက ပြောသည်။

UNFC ၏ ၄ ရက်ကြာ အစည်းအဝေးတွင် နိုင်ငံတကာဆက်ဆံရေးနှင့် တိုးချဲ့မြင့်တင်ရေး၊ ပြည်တွင်းမှ
နိုင်ငံရေး အင်အားစုနှင့် အခြား အဖွဲ့အစည်းများနှင့်လည်း ပိုမိုနားလည်မှု ယူရေး စသည့် လုပ်ငန်းများ တိုးမြင့်လုပ်ဆောင်သွားရန် ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလက UNFC ကို ဖွဲ့စည်းခြင်းဖြင့် တိုင်းရင်းသားများ စုစည်းညီညွတ်မှုများ အထိုက် အလျှောက်ရရှိခြင်း၊ ပြည်တွင်း ပြည်ပ ဒီမိုကရေစီ အင်အားစုများက တိုင်းရင်းသားများ၏ လိုလားချက်များ၊
ပြဿနာများကို ပိုမိုသိရှိနားလည်လာခြင်းမှာ အောင်မြင်မှု ရရှိခြင်းဖြစ်သည်ဟု နိုင်ဟံသာက ပြောသည်။

နိုင်ငံတကာမှ UNFC အပေါ် အသိအမှတ် ပြုလာခြင်း၊ ဆက်သွယ် ညှိနှိုင်းမှုများ ရှိလာခြင်း၊ စစ်ပြေး ဒုက္ခသည်များအား ကူညီပေးခြင်း၊ ဆက်ဆံရေးရုံးများအား ကူညီပေးခြင်း၊ တွေ့ဆုံဆွေးနွေးမှုတွင် အလုပ်ရုံ ဆွေးနွေး ပွဲများ ပြုလုပ်၍ အသိပညာများ ပေးခြင်း၊ တိုင်းရင်းသားညီလာခံ ကျင်းပစဉ် အကူအညီများ ပေးခြင်းများ ရှိလာခြင်းမှာ နိုင်ငံတကာ၏ အားပေးကူညီမှုများဖြစ်သည်ဟု သူက ဆက်ပြေသည်။

ထို့ပြင် နှစ်နှစ်သာ ကာလပတ်လုံး အဖွဲ့အနေဖြင့် လုပ်ဆောင်ခဲ့သော လုပ်ငန်းများအား ပြန်လည် သုံးသပ်ခဲ့သလို၊ အထူးသဖြင့် KIO အား အစိုးရဘက်မှ ထိုးစစ်ဆင်တိုက်ခိုက်မှုအပေါ် သုံးသပ်ခဲ့သည်ဟု သတင်းစာရှင်းလင်းပွဲတွင် ရှင်းပြခဲ့သည်။

အကယ်၍ KIO အပေါ် ထိုးစစ်ဆင်မှု မရပ်ဆိုင်းပါက အခြား အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူ ညီထားသော UNFC အဖွဲ့ဝင်များအနေဖြင့် KIO ကို ကူညီရန် တာဝန် အပြည့်ရှိသည်ဟု UNFC နှစ်နှစ်ပြည့်
နှစ်ပတ်လည် စည်းဝေးပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် နိုင်ဟံသာက  ထည့်သွင်းပြောဆိုခဲ့သည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates