Wednesday, January 16, 2013

KIA သို့ မြေပြင် ဝေဟင် တိုက်ခိုက်မှုများ ရှိနေဆဲဟု ကျောင်းသားတပ် ပြော

ဖနိဒါ | ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီလ ၁၆ ရက် ၂၀၁၃ ခုနှစ် ၁၉ နာရီ ၀၇ မိနစ်

ချင်းမိုင်(မဇ္စျိမ) ။      ။ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်ရာ လိုင်ဇာမြို့၏ အနောက်ဘက်
တောင်ကုန်းများ
နှင့်ယင်းတို့၏ တပ်မဟာ ၅ လက်အောက်ခံ တပ်ရင်း ၂၃ စစ်စခန်းရှိရာ ခရာဘွမ်တွင် အစိုးရ စစ်တပ်ဘက်မှ
မြေပြင် ထိုးစစ်ဆင် တိုက်ခိုက်မှုတွင် လေကြောင်းမှလည်း ပစ်ကူနေသည်ဟု သိရသည်။

ဗုဒ္ဓဟူးနေ့ မွန်းလွဲ ၂ နာရီကျော်မှ ညနေ ၅ နာရီခွဲချိန်ထိ ဗဟိုဌာနချုပ် KIA တပ်မဟာ ၅ နယ်မြေ လိုင်ဇာမြို့၏ တောင်ဘက် ခရာဘွှမ် အနီးတဝိုက်အတွင်း အစိုးရဘက်မှ တိုက်လေယာဉ် နှစ်စင်းဖြင့် ဗုံးကျဲ ပစ်ကူနေသည်ဟု ကျောင်းသားတပ်မတော်(မြောက်ပိုင်း) ABSDF ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး မင်းဌေးက ပြောသည်။

“အခုနောက်ဆုံး ၅ နာရီ ၂၀ မှာ လာပစ်တယ်။ အခုလည်းပဲ ပြန်သွားပြီ။ လေကြောင်းကလည်း
ခြောက်စင်းလောက် လာပြီး ပစ်တာ။ တခါလာရင် နှစ်စင်းလာပစ်တယ်။ ၇၇၁ တကျောမှာ ရှိတဲ့ ခရာဘွမ်ကို သူတို့ ထိုးနေတာ” ဟု မဇ္စျိမကို ပြောသည်။

၎င်းက ဆက်လက်၍ “မနေ့က ခရာဘွမ်ကို သူတို့ တက်ထိုးလာတာကို KIO က ပြန်တိုက်ထုတ်လိုက်တော့ သူတို့ပြန်ဆင်းပြေးသွားတယ်။ ထိုးမရတော့ သူတို့ ထိခိုက် ကျဆုံးများလာတော့ လေယာဉ်နဲ့ လာပစ်ကူတယ်။ ဒီနေ့လည်း အဲဒီနေရာမှာပဲ လာပစ်ကူနေတယ်” ဟု ပြောသည်။ 

မြန်မာစံတော်ချိန် ၅ နာရီကျော်ချိန်ထိ မြေပြင်တိုက်ပွဲလည်း ဆက်လက် ဖြစ်ပွားနေဆဲ ဟု ဗိုလ်မှူးမင်းဌေး က ဆိုသည်။

လိုင်ဇာမြို့ခံ တဦးကလည်း “လေယာဉ်ဟုတ်တယ်။ ပတ်ပတ်ပြီး ဖြစ်နေတယ်။ ခုတောင် မြင်နေရတယ်။ အရမ်း နီးသလိုပဲ ဒီကနေ အသံကောင်းကောင်း ကြားနေရတယ်။ ဒစ်ဒစ်ဒစ်နဲ့ လေယာဉ်ပေါ်ကနေ ပစ်ချသံပဲ။ တခါတခါ ဗုန်း ဗုန်းဆိုတဲ့ အသံကြားတာက ၉ ကြိမ်ရှိပြီ။ ဒီကနေ ဖြူဖြူလေး တွေ့နေရတယ်” ဟု ပြောသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates