Monday, January 28, 2013

ကိုရီးယား EPS စာမေးပွဲ မေးခွန်းပုံစံ ပြောင်းမည်

တင်ဇာအောင် | တနင်္လာနေ့၊ ဇန်နဝါရီလ ၂၈ ရက် ၂၀၁၃ ခုနှစ် ၁၄ နာရီ ၁၆ မိနစ်

ကိုရီးယား ဘာသာစကား အရည်အချင်းစစ် စာမေးပွဲအတွက် မေးခွန်းပုံစံ အနည်းငယ်ပြောင်းမည်ဟု အလုပ်သမား ညွှန်ကြားမှု ဦးစီးဋ္ဌာန အစိုးရ အလုပ်အကိုင် အေဂျင်စီ၏ မန်းနေဂျင်း ဒါရိုက်တာ ဦးဝင်းမြင့်က ပြောသည်။

စာမေးပွဲ မေးခွန်းပုံစံ ပြောင်းလဲ ရခြင်းမှာ ယခင်စာမေးပွဲများတွင် ဘာသာစကားကို သေချာနားလည်ခြင်း မရှိပဲ အလွတ်ကျက် ဖြေဆိုခြင်းများရှိခဲ့ပြီး အဆိုပါလုပ်သားများ ကိုရီးယားနိုင်ငံသို့ ရောက်ရှိသောအခါ ဘာသာစကား အခက်အခဲကြောင့် အလုပ်မတွင်ကျယ်မှုများ ရှိနေကြောင်း ထို့ကြောင့် အမှန်တကယ် နားလည်မှု ရှိမရှိ ကို ဦးစားပေး စစ်ဆေးမည်ဟု  ဦးဝင်းမြင့်ကပြောခဲ့သည်။

၎င်းက  “ မေးခွန်းပုံစံ ပြောင်းလဲတာကို ကြိုတင် ပြင်ဆင်နိုင်ဖို့အတွက် ပြဌာန်းစာအုပ်ကိုလည်း ကျွန်တော်တို့ သင်ကြားပေးတဲ့ သင်တန်းကျောင်းတွေကို ပေးမှာပါ။ ဒါပေမယ့် အရမ်းအခက်ကြီးဖြစ်မှာတော့ မဟုတ် ပါဘူး” ဟု ပြောသည်။ 

မြန်မာနှင့် ကိုရီးယားနိုင်ငံ အစိုးရချင်း သဘောတူညီချက်ဖြင့် စေလွှတ်သော ကိုရီးယားနိုင်ငံ သွားရောက် အလုပ်လုပ်ကိုင် နိုင်ရန်အတွက် ကိုးရီးယားဘာသာ စကားအရည်အချင်းစာမေးပွဲများ စစ်ဆေးခဲ့သည်။ အဆိုပါ စာမေးပွဲများကို မေလ ၁၈ရက်နှင့် ၁၉ရက်များတွင် စစ်ဆေးသွားမည် ဖြစ်ပြီး စစ်ဆေးမည့် အကြောင်းကို မတ်လ၁၁ရက်နေ့တွင် နိုင်ငံပိုင် သတင်းစာများတွင် ကြေငြာမည် ဖြစ်သည်။ စာမေးပွဲ
ဖြေဆိုရန်အတွက် လျှောက်လွှာတင်ခြင်းကို မတ်လ ၁၈ရက်မှ ၂၁ရက်နေ့အထိ လက်ခံသွားမည် ဟုဦးဝင်းမြင့်မှ ပြောသည်။

သွားရောက်မည့် သူများသည် ပတ်စပို့စ် သက်တမ်း အနည်းဆုံး တနှစ်ကျန်ရှိရမည် ဖြစ်ပြီး ယခုနှစ် အတွင်းတွင် စာမေးပွဲကျင်းပခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည်။ ယင်းသို့ သွားရောက်ရန်အတွက် ကုန်ကျမည့် ၀န်ဆောင်ခနှုန်းမှာ တဦးလျှင် ငွေကျပ် ခြောက်သိန်းခွဲဖြစ်သည်။ အဆိုပါငွေကြေးတွင်
လေယာဉ်လက်မှတ် အပါအ၀င် ဆေးစစ်ခများပါ ပါဝင်ပြီး ဖြစ်သည်။

ယခုတစ်ခေါက် မြန်မာနိုင်ငံမှ ကိုရီးယားအတွက် အလုပ်သမား ခေါ်ယူခြင်းနှင့် ပတ်သက်ပြီး ဌာနေ ကိုယ်စားလှယ် Mr.Choi Jung In ၏ ပြောကြားချက်အရ ကုန်ထုတ်လုပ်ငန်းအတွက် ခန့်မှန်းခြေအားဖြင့် လူဦးရေ ၄၉၀၀ ခန့် ခေါ်မည်ဖြစ်ပြီး အခြားစိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများပါ ပါဝင်မည် ဆိုပါက လူဦးရေ ၅၀၀၀ ကျော်ခန့် ခေါ်ယူမည်ဖြစ်သည်ဟု သိရသည်။

နှစ်နိုင်ငံ အစိုးရများ သဘောတူညီချက်ဖြင့် ကိုရီးယားနိုင်ငံသို့ အလုပ်သမား စေလွှတ်ခြင်းကို ၂၀၀၇ ခုနှစ်က စတင်ခဲ့ခြင်းဖြစ်ပြီး ယခုတစ်ကြိမ် စေလွှတ်ခြင်းဆိုပါက ငါးကြိမ်မြောက် အလုပ်သမား စေလွှတ်ခြင်း
ဖြစ်သည်။ ၂၀၁၃ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် အလုပ်သမား ခေါ်ယူခြင်း ထပ်မံ ပြုလုပ်ဦးမည် ဖြစ်
သော်လည်း အချိန်အတိအကျကိုမူ ပြောဆိုနိုင်ခြင်း မရှိသေးကြောင်း အစိုးရ အလုပ်အကိုင် အေဂျင်စီက သိရသည်။

၂၀၀၇ ခုနှစ်က စတင်ခေါ်ယူခဲ့သော အဆိုပါ အလုပ်သမား ခေါ်ယူခြင်းတွင် ပြီးခဲ့သည့် ၂၀၁၂ နောက်ဆုံး
ခေါ်ယူခဲ့ပြီးသည့် အချိန်အထိ လူဦးရေ ၅၀၀၀ ကျော် ပို့ဆောင်ပေးပြီး ဖြစ်သည်ဟု သိရသည်။ ကိုရီးယား
နိုင်ငံတွင် ကုန်ထုန်လုပ်ငန်းများ၊ စိုက်ပျိုး မွေးမြူရေး လုပ်ငန်းများ၊ ဆောက်လုပ်ရေး လုပ်ငန်းများတွင် လုပ်ကိုင်ရမည်ဖြစ်သည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates