Thursday, January 17, 2013

ကရင်ပြည်နယ် နေရာအများတွင် ရင်းနှီးမြှုပ်နှံမှုများ လျာထား

ခင်မျိုးသွယ် | ကြာသပတေးနေ့၊ ဇန်နဝါရီလ ၁၇ ရက် ၂၀၁၃ ခုနှစ် ၁၉ နာရီ ၃၃ မိနစ်

ရန်ကုန် (မဇ္ဈိမ)။   ။ ၂၀၁၁-၁၂ ဘဏ္ဍာနှစ်မှ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်အထိ ပဉ္စမ ကာလတို ၅ နှစ် စီမံကိန်းတွင် ကရင်ပြည်နယ် နေရာအများအပြားတွင် ရင်းနှီးမြှုပ်နှံမှုများ လျာထားကြောင်း သိရသည်။

“ပဉ္စမကာလတို ၅ နှစ် စီမံကိန်းမှာ ရင်းနှီးမြှုပ်နှံမှု လျာထားချက်တွေနဲ့ ပတ်သက်ပြီး ကရင်ပြည်နယ် အနှံ့အပြားမှာ ရင်းနှီးမြှုပ်နှံမှုမှုတွေနဲ့ ပတ်သက်ပြီး လျာထားချက်တွေ ပါဝင်နေသလို ဧရာဝတီ တိုင်းဒေသကြီးမှာ ပုသိမ်၊ ရှမ်းပြည်နယ် ဆိုရင် မူဆယ်မှာ အကောင်အထည်ဖေါ်ဖို့ လျာထားတာကို
တွေ့ရပါတယ်” ဟု ဇန်နဝါရီလ ၁၆ ရက်နေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် မွန်ပြည်နယ်၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် ၇ မှ ဒေါက်တာဗညားအောင်မိုးက ပြောကြားခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် အထူးစီးပွားရေးဇုန်များကိုလည်း တနင်္သာရီတိုင်းအတွင်းရှိ ထားဝယ်၊ ရန်ကုန်တိုင်း အတွင်း သီလဝါဇုန်၊ ရခိုင်ပြည်နယ်တွင် ကျောက်ဖြူနှင့် မန္တလေးတိုင်းတွင် မြင်းခြံမြို့နယ် ဆီးမီးခုံဒေသများတွင် ရင်းနှီးမြှုပ်နှံရန် လျာထားမှုများ ပါဝင်နေသည်ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလအထိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အများဆုံး ပြုခဲ့သည့်
လေးနိုင်ငံမှာ တရုတ်နိုင်ငံ မှ အမေရိကန်ဒေါ်လာ ၁၄,၁၄၆.၅၂ သန်း၊ ဟောင်ကောင်မှ အမေရိကန် ဒေါ်လာ ၆,၃၇၂.၂၄၉ သန်း၊ ကိုရီးယားနိုင်ငံမှ အမေရိကန်ဒေါ်လာ ၂,၉၆၉.၀၇၄ သန်းနှင့် ဂျပန်နိုင်ငံက အမေရိကန်ဒေါ်လာ ၂၂၅.၄၅၇ သန်းတို့ ရှိခဲ့ကြောင်း အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates