Friday, January 25, 2013

ငပလီကမ်းခြေတွင် နော်ဝေ နိုင်ငံသားတဦး ရေနစ်သေဆုံး

သိန်းလှိုင် | သောကြာနေ့၊ ဇန်နဝါရီလ ၂၅ ရက် ၂၀၁၃ ခုနှစ် ၁၄ နာရီ ၂၈ မိနစ်

စစ်တွေ (မဇ္ဈိမ)။   ။ ရခိုင်ပြည်နယ်၊ ငပလီ ကမ်းခြေ အမတ ဟိုတယ်အနီးတွင် အသက် ၇၉ နှစ်အရွယ်ရှိ
နော်ဝေနိုင်ငံသား Mr.Stabusvia Arnsinn သည် ဇန်နဝါရီလ ၂၃ ရက်နေ့က ရေဆင်းကူးရင်း ရေနစ်
သေဆုံးသွားကြောင်း သိရသည်။

Mr. Arnsinn သည် ထိုနေ့ မနက်ပိုင်းက လေယာဉ်ဖြင့် ငပလီသို့ ရောက်ရှိကာ အမတ ဟိုတယ်တွင် အခန်းငှါးခဲ့ပြီး ရေကူးရန်ဆင်းသွားရာမှ ၁ နာရီခန့်အကြာတွင် ရေနစ်သေဆုံး ခဲ့ကြောင်း အမတဟိုတယ် ဝန်ထမ်းတဦးက ပြောသည်။

“သူ ဒီကိုလာတာက အုပ်စုဖွဲ့ လာကြတာပါ။ သူတို့မှာ ခရီးသွားလမ်းညွှန်လည်း ပါတယ်။ မစ္စတာ အန်ဆင်က တဦးချင်းနေတဲ့ Sea View အခန်းကို ငှါးတယ်။ သူ့အခန်းမှာ နာရီဝက်လောက် နေပြီးမှ သူတို့ ရေကူးဝတ်စုံ
တွေ လဲပြီး ကမ်းခြေကို ထွက်သွားကြတာပါ” ဟု ပြောသည်။

ကမ်းခြေရေပေါ်တွင် မှောက်လျက်သား ပေါလော ပေါ်နေတာကို တွေ့မြင်ခဲ့ရပြီး အစပထမတွင် ရေနစ်သည် ဟု မထင်ပဲ ရေပေါ် စိမ်နေသည်ဟု ထင်ခဲ့ကြပြီး မလှုပ်မယှက် ကြာနေသည်ကို သွားရောက်ကြည့်ရှုပြီးမှ
သေဆုံးသည်ကို သိရှိခဲ့ရသည်ဟု ဟိုတယ်အနီး မြပြင်ရွာသား တဦးက ပြောပြသည်။

“အသက်ကလည်း ကြီးပြီ ဆိုတော့ ကြွက်တက်ပြီး ရေနစ် သေဆုံးတာ ဖြစ်နိုင်တယ်လို့ ဒီကလူတွေပြောနေ ကြတယ်”ဟု ထိုရွာသားက ပြောသည်။

ရုပ်အလောင်းတွင် ဆေးစစ်ချက်အရ အဆုပ်ထဲ၌ ရေအနည်းငယ် တွေ့ရှိရပြီး အခြားမည်သည့် ဒဏ်ရာ ဒဏ်ချက်မှ မတွေ့ရကြောင်း ငပလီ ဆေးရုံဝန်ထမ်းတဦးက ဆိုသည်။

Mr. Stabusvia Arnsinn ၏ ရုပ်အလောင်းအား ရန်ကုန်မြို့သို့ သယ်ယူရန် သက်ဆိုင်ရာမှ ပြင်ဆင်နေပြီး
နော်ဝေနိုင်ငံသံရုံးသို့ အကြောင်းကြားထားကြောင်း သိရသည်။

ငပလီ ကမ်းခြေတွင် ယခင်ကလည်း နိုင်ငံခြားသားများ ရေနစ်သေဆုံးမှုများရှိခဲ့ပြီး တည်းခိုသည့် ဟိုတယ်၏ လုံခြုံရေး ဆောင်ရွက်ချက်နှင့်မဆိုင်ဟု ဒေသခံဟိုတယ်ဝန်ထမ်းတဦးက ဆိုသည်။

“ဟိုတယ် လုံခြုံရေး အားနည်းချက်ကြောင့်လို့ ဆိုလို့ မရဘူးဗျ။ တခါက အမျိုးသမီးကြီး တယောက်
ရေကူးရင်း ကမ်းခြေနဲ့ အလှမ်းဝေးတဲ့ နေရာထိ ရောက်သွားတော့ ကျနော်တို့က စက်လှေနဲ့ သွားကူတယ်။ သူက လက်မခံတဲ့အပြင် ကျနော်တို့ကို မချေမငံ ပြောလွှတ်လိုက်တယ်။ လူ့အခွင့်အရေး ချိုးဖောက်တယ်
ပေါ့။ အဲဒီလို အဖြစ်အပျက်မျိုးတွေကို ဒီက ဟိုတယ် ဝန်ထမ်းတွေ အမြဲလိုလို ကြုံနေရတယ်ဗျ” ဟု မဇ္ဈိမကို ပြောသည်။

 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates