Wednesday, January 23, 2013

ရေယာဉ်များအတွက် စက်သုံးဆီ ရောင်းချခွင့်လိုင်စင် ပထမဆုံးခွင့်ပြုပြီ

ခင်မျိုးသွယ် | ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီလ ၂၃ ရက် ၂၀၁၃ ခုနှစ် ၁၇ နာရီ ၄၁ မိနစ်

ရန်ကုန် (မဇ္ဈိမ)။   ။ ပြည်တွင်းရေကြောင်းနှင့် ပြည်တွင်း ကမ်းရိုးတန်းတို့ရှိ ရေယာဉ်များအား စက်သုံးဆီ တိုက်ရိုက်ဖြန့်ဖြူးရောင်းချခွင့် လိုင်စင်အား စွမ်းအင်ဝန်ကြီးဌာနမှ ဇန်နဝါရီလ ၂၂ ရက်နေ့မှ စတင်၍ ပထမဆုံးအကြိမ်အဖြစ် ခွင့်ပြုပြီဖြစ်ကြောင်း သိရသည်။

“ရေယာဉ်တွေကို စက်သုံးဆီ တိုက်ရိုက်ဖြန့်ဖြူး ရောင်းချတဲ့လုပ်ငန်း လုပ်လိုတဲ့သူအနေနဲ့ ကုမ္ပဏီ အဖွဲ့အစည်းရဲ့ အမည်၊ နိုင်ငံသား စီစစ်ရေးကတ်ပြားအမှတ်၊ ကုမ္ပဏီ မှတ်ပုံတင်အမှတ်နဲ့ ထုတ်ပေးတဲ့ ရက်စွဲ၊ လုပ်ငန်းတည်နေရာရဲ့ လိပ်စာတွေနဲ့အတူ နေပြည်တော်ရုံးအမှတ် ၆၊ ဝန်ကြီးဌာနမှာ လျှောက်ထား
နိုင်ပါတယ်” ဟု မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေး လုပ်ငန်းရုံးချုပ်မှ တာဝန်ရှိသူတဦးက ပြောသည်။

ထို့အပြင် ရေယာဉ်မှတ်ပုံတင်လက်မှတ်၊ ရေယာဉ်အတွက် ရေနံတင်ဆောင်ရန် သင့်လျော်ကြောင်း သက်သေခံလက်မှတ်၊ ပြည်တွင်း ရေကြောင်းသွား ရေယာဉ်များနှင့် ကမ်းရိုးတန်းအနီိးသွား ရေယာဉ်များ အတွက် စစ်ဆေးပြီးကြောင်း သက်သေခံလက်မှတ်၊ လုပ်ငန်းလိုင်စင်၊ စက်မဲ့ဆီတွဲအတွက် ရေနံတင်
ဆောင်ရန် သင့်လျော်ကြောင်း သက်သေခံ လက်မှတ်၊ သယ်ယူဖြန့်ဖြူးရောင်းချမည့် ဒေသ၊ စက်သုံးဆီရရှိနိုင်သည့် ကုမ္ပဏီ အဖွဲ့အစည်း၏ ထောက်ခံချက် စာချုပ်စာတမ်း အထောက်အထား စသည်တို့နှင့်လည်း ပူးတွဲတင်ပြရမည် ဖြစ်သည်။

“ဒီလုပ်ငန်းကို လုပ်ကိုင်ချင်တဲ့သူ အနေနဲ့ အရင်က နားလည်မှုတွေနဲ့ လုပ်စားခဲ့ကြပြီးပါပြီ။ တရားဝင် လိုင်စင်ချထားပေးမှုရဲ့ နောက်မှာ ထပ်ချပ်မကွာ စစ်ဆေးမှုတွေ၊ စစ်ဆေးဖို့အတွက် တိုင်းဒေသကြီးတွေမှာ အဖွဲ့တွေဖွဲ့ ဖို့စီစဉ်နေပြီလို့လည်း ကြားပါတယ်” ဟု စွမ်းအင် ဝန်ကြီးဌာနမှ အငြိမ်းစားအရာထမ်း ဦးတင်လှ က ပြောဆိုသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates