Monday, January 28, 2013

တနှစ်လျှင် စားအုန်းဆီ တန်ချိန် ၃၆၀,၀၀၀ ခန့် တင်သွင်းနေ

ခင်မျိုးသွယ် | တနင်္လာနေ့၊ ဇန်နဝါရီလ ၂၈ ရက် ၂၀၁၃ ခုနှစ် ၁၉ နာရီ ၁၇ မိနစ်

ရန်ကုန် (မဇ္ဈိမ)။   ။ မြန်မာနိုင်ငံ၏ စားသုံးဆီ ဈေးကွက်အတွက် ပြည်တွင်းထုတ်လုပ်မှုဖြင့် မလုံလောက်၍ နှစ်စဉ် ပြည်ပမှ တင်သွင်းနေရရာ တနှစ်လျှင် စားအုန်းဆီတန်ချိန် ၃၆၀,၀၀၀ ခန့် တင်သွင်းနေရကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စာရင်းဇယားများအရ သိရသည်။

“မလေးရှားနိုင်ငံက အဓိက တင်သွင်းနေတာပါ။ ထိုင်းနိုင်ငံနဲ့ တရုတ်နိုင်ငံတွေကလည်း နယ်စပ် ကုန်သွယ်ရေးက တဆင့် စားအုန်းဆီတွေ တင်သွင်းမှု ရှိနေပါတယ်” ဟု နယ်စပ် ကုန်သွယ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူတဦးက ပြောသည်။

စားသုံးဆီ ဈေးကွက်အတွင်း မြေပဲဆီ၊ နှမ်းဆီနှင့် စားအုန်းဆီများ ရှိပြီး ယင်းတို့အနက် စားအုန်းဆီ စားသုံးမှုမှာ ၉၀ ရာခိုင်နှုန်းရှိကာ ကျန်ဆီများကို ၁၀ ရာခိုင်နှုန်းသာ စားသုံးမှု ရှိနေကြောင်း သိရသည်။

“မဆလ ခေတ်(၁၉၈၈ ထိ)မှာ ရှိတဲ့ လူဦးရေနဲ့ ပြည်တွင်း ဆီထုတ်လုပ်မှုက လုံလောက်ပုံရတယ်။ ဖွဲနုဆီတွေလည်း ထုတ်လုပ်မှုရှိတယ်။ ပြည်ပက စားသုံးဆီ တင်သွင်းတာ မတွေ့ရဘူး။ ဒီဘက်
ခေတ်မှာတော့ ပြည်တွင်း ကုန်ကြမ်း မလုံလောက်တဲ့အတွက် ဆီစက် အတော်များများ ရပ်သွားတယ်။ ဒါကြောင့် ပြည်ပက စားအုန်းဆီတွေ တင်သွင်းနေရတယ်” ဟု ဧရာဝတီ မြေပဲဆီစက် ပိုင်ရှင် ဦးခင်စိုး က ပြောသည်။

၁၉၈၈ ခုနှစ်မှ ၁၉၉၆ ခုနှစ်အထိ ပေပါဖြင့် တင်သွင်းရသည့် ဆီများကိုသာ တင်သွင်းခွင့် ပြုခဲ့သည်။

“၉၆ ခုနှစ်နောက်ပိုင်းမှာ ငါးနှစ်ကောင် ကုမ္ပဏီကနေ ကန်ဆီတွေ စသွင်းတယ်။ အဲဒီကနေပြီး စားသုံးဆီ အရည်အသွေး စပြီး နိမ့်ကျခဲ့တာ” ဟု ၎င်းက ဆက်ပြောသည်။

၂၀၀၄ ခုနှစ် နောက်ပိုင်းမှ စတင်ပြီး တဦးတယောက် ပုံစံမျိုးဖြင့် တင်သွင်းခွင့်ပေးခဲ့၍ ဈေးကွက် ယှဉ်ပြိုင်ရမှု မရှိသဖြင့် အရည်အသွေးနိမ့် ဆီများ ဈေးကွက်သို့ ဆက်တိုက် ရောက်ရှိခဲ့သည်ဟု ဆိုသည်။ ထို့နောက် ၂၀၁၁ ခုနှစ်၊ မေလမှ စတင်၍ ပုဂ္ဂလိက ကုမ္ပဏီများသို့ တင်သွင်းခွင့် ပြုခဲ့သည်။

“လူတဦးရဲ့ ဆီစားသုံးမှုက တနှစ်ကို ၁၀ ကီလိုဂရမ် (၆ ပိဿာခန့်) နှုန်းနဲ့ တွက်ရင် လူဦးရေ သန်း ၆၀ အတွက် ဆီတန်ချိန် ၆ သိန်းခန့် လိုအပ်မယ်။ ပြည်တွင်း ထုတ်လုပ်မှုကို နှုတ်လိုက်ရင် တနှစ် လိုအပ်တဲ့ ဆီတန်ချိန်ပဲ” ဟု မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားအုန်းဆီ တင်သွင်းသူ တဦးက ပြောသည်။

ကုန်ကြမ်းပြည့်စုံပါက ပြည်တွင်းဆီစက်များမှ တနှစ်လျှင် ဆီတန်ချိန် ၃ သိန်းခန့် ထုတ်လုပ်နိုင်သည်။

ပြည်ပနိုင်ငံများမှ ပဲပုပ်ဆီနှင့် ဟင်းသီးဟင်းရွက်ဆီများလည်း တင်သွင်းလျက်ရှိနေသည်ဟု ဆိုသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates