Monday, January 21, 2013

ပဲပုပ်များကို စီးပွားဖြစ်သီးနှံအဖြစ် စိုက်ပျိုးထုတ်လုပ်ရန်စီစဉ်


ခင်မျိုးသွယ် | တနင်္လာနေ့၊ ဇန်နဝါရီလ ၂၁ ရက် ၂၀၁၃ ခုနှစ် ၂၀ နာရီ ၄၉ မိနစ်

ရန်ကုန် (မဇ္ဈိမ)။         ။ အမျိုးသားစီမံကိန်း ၂၀၁၁-၁၂ ဘဏ္ဍာနှစ်မှ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်အတွင်း ပဲပုပ်များကို စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်ရန် စီစဉ်နေကြောင်း သိရသည်။

“ပဉ္စမ ကာလတို ငါးနှစ်စီမံကိန်းအတွင်း ၂၀၁၁-၁၂ မှ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်အတွင်း စပါးသီးနှံနဲ့ ပဲပုပ်သီးနှံကို စီးပွားဖြစ် သီးနှံများအဖြစ် စိုက်ပျိုး ထုတ်လုပ်ဖို့ လျာထားပါတယ်” ဟု ဇန်န၀ါရီ  ၁၆ ရက်က ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဖြူး မဲဆန္ဒနယ်မှ ဦးညွှန့်လှိုင် က ပြောကြားသွားသည်။

ယင်းဘဏ္ဍာနှစ်အတွင်း ပဲအမျိုးမျိုးစိုက်ပျိုးရေးတွင် မတ်ပဲဧက ၂.၆ သန်း၊ ပဲတီစိမ်းဧက ၂.၈ သန်း၊ ပဲပုပ်ဧက ၄ သိန်း စိုက်ပျိုးမည်ဟု ဆိုသည်။

“မတ်ပဲ နေရာမှာ ပဲပုပ်ကို အစားထိုးစိုက်ပျိုးခြင်းဖြင့် ပဲပုပ်စိုက်ပျိုးတဲ့ တောင်သူလယ်သမားတွေ အကျိုးအမြတ်ရရှိစေမှာပါ။ ဒါ့အပြင် စားအုန်းဆီနေရာမှာ ပဲပုပ်ဆီကို အစားထိုးနိုင်မှာကြောင့် စားအုန်းဆီဝယ်ရတဲ့ နိုင်ငံခြားငွေ သက်သာစေမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

ပဲပုပ်တွင် ဆီပါဝင်မှု ၂၀% မှ ၂၄% အထိ ရှိပြီး ဆီထုတ်ပြီး ထွက်လာသောပဲပုပ်ဖတ်တွင် ပရိုတင်း (အသားဓာတ်)ပါဝင်မှုမှာ ၄၀% မှ ၄၄% အထိ ရှိနေသည်။ ထို့ကြောင့် ပရိုတင်းပါဝင်မှု အမြင့်ဆုံး ဖြစ်သော ပဲပုပ်ကို စိုက်ပျိုးခြင်းဖြင့် ကျန်းမာရေးနှင့် ညီညွတ်သည့် ပဲပုပ်ဆီကို စားသုံးရခြင်း၊ မွေးမြူရေးကဏ္ဍတွင် ပရိုတင်း ကြွယ်ဝသည့် ပဲပုပ်ဖတ်ကို အသုံးပြုနိုင်ခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိစေမည် ဖြစ်သည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ ပဲပုပ်စိုက်ဧကမှာ ၆၄,၀၀၀ ရှိနေပြီး ပဲစိုက်ဧကမှာ သိန်း ၁၁၀ ခန့် ရှိကြောင်း လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ 

 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates