Wednesday, January 16, 2013

ရေနံနှင့် သဘာဝဓါတ်ငွေ့ စီးပွားဖြစ် ထုတ်နိုင်သည့် အနည်ကျ ဘူမိချိုင့်ဝှမ်း ၁၇ ခုရှိနေ

ခင်မျိုးသွယ် | ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီလ ၁၆ ရက် ၂၀၁၃ ခုနှစ် ၁၆ နာရီ ၁၆ မိနစ်

ရန်ကုန် (မဇ္ဈိမ)။   ။ မြန်မာနိုင်ငံတွင် ရေနံနှင့် သဘာဝဓါတ်ငွေ့များ စီးပွားဖြစ် ထုတ်လုပ်နိုင်သည့် အနည်ကျ ဘူမိချိုင့်ဝှမ်း ၁၇ ခု ရှိနေကြောင်း ဘူမိဗေဒ ပညာရှင်များက ပြောသည်။

“မြန်မာနိုင်ငံအတွင်းမှာ ရေနံနဲ့ သဘာဝဓါတ်ငွေ့တွေ ခိုအောင်းနေပြီး အနည်ကျ ကျောက်တွေ ဖြစ်ပေါ် တည်ရှိနေတဲ့ အနည်ကျ ဘူမိချိုင့်ဝှမ်းတွေ ၁၇ နေရာရှိတယ်လို့ မြန်မာဘူမိပညာရှင်တွေ ထုတ်ပြန်ခဲ့တာ ရှိခဲ့တယ်။ အဲဒီအချက် မှန်မမှန်ကို ဆရာ့ရဲ့ ဂြိုဟ်တုနည်းပညာနဲ့ ရှာကြည့်တာ ၁၇ နေရာ တွေ့ရတယ်။

သွားတိုက်ဆိုင်နေတာကို တွေ့ရတယ်” ဟု ဘူမိဗေဒပညာရှင် အငြိမ်းစား ပါမောက္ခ ဦးစိုးသိန်း က ပြောသည်။

လက်ရှိ ထုတ်လုပ်နေသည့် ဒေသများနှင့်ပတ်သက်၍ စွမ်းအင်ဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိတဦးက “လက်ရှိ ထုတ်လုပ်နေတဲ့ နေရာတွေက မြန်မာပြည် အလယ်ပိုင်းက ပြည်ဒေသ၊ ဧရာဝတီ မြစ်ဝကျွန်းပေါ်
ဒေသ၊ ရခိုင်ကမ်းမြောင်ဒေသ၊ မုတ္တမ ကမ်းလွန်ဒေသနဲ့ တနင်္သာရီ ကမ်းလွန်ဒေသတွေမှာပဲ ရေနံစိမ်းနဲ့ သဘာဝဓါတ်ငွေ့တွေ တူးဖေါ် ထုတ်လုပ်နေပါတယ်” ဟု ဆိုသည်။

စွမ်းအင်တွင် ပြန်လည်ပြည့်ဖြိုးခြင်း မရှိသော စွမ်းအင်အမျိုးအစားနှင့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင် အမျိုးအစားဟူ၍ နှစ်မျိုး ရှိပြီး ရေနံစိမ်းနှင့် သဘာဝဓါတ်ငွေ့များမှာ ပြန်လည် ပြည့်ဖြိုးခြင်း မရှိသော စွမ်းအင်များ ဖြစ်သည်။

မြန်မာနိုင်ငံတွင် နှစ်အလိုက် ရေနံစိမ်းနှင့် သဘာဝဓါတ်ငွေ့ ထုတ်လုပ်မှုမှာ ၂၀၀၇-၀၈ ခုနှစ်တွင်-ရေနံစိမ်း အမေရိကန်စည် ၈.၅ သန်းနှင့် သဘာဝဓါတ်ငွေ့ ကုဗပေ ၄၁၉,၁၂၄ သန်း။ ၂၀၀၈-၀၉ ခုနှစ်တွင် ရေနံစိမ်း အမေရိကန်စည် ၈.၁ သန်းနှင့် သဘာဝဓါတ်ငွေ့ ကုဗပေ ၃၈၆,၂၆၄ သန်း။ ၂၀၀၉-၁၀ ခုနှစ်တွင် ရေနံစိမ်း အမေရိကန်စည် ၇.၈ သန်းနှင့် သဘာဝဓါတ်ငွေ့ ကုဗပေ ၄၀၅,၂၆၄ သန်း။ ၂၀၁၀-၁၁ ခုနှစ်တွင် ရေနံစိမ်း အမေရိကန်စည် ၇.၅ သန်းနှင့် သဘာဝဓါတ်ငွေ့ ကုဗပေ ၄၃၄,၉၈၄ သန်း ထုတ်လုပ်ခဲ့ကြောင်း စွမ်းအင် ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates