Tuesday, January 22, 2013

စစ်ကြွင်းပစ္စည်းနှင့် စစ်သား ရုပ်အလောင်းများ ရှာဖွေရန် ဂျပန်အဖွဲ့ ကြိုးပမ်း

ဟင်္သာနီ (မွန်မြေ) | အင်္ဂါနေ့၊ ဇန်နဝါရီလ ၂၂ ရက် ၂၀၁၃ ခုနှစ် ၁၇ နာရီ ၂၅ မိနစ်

ဒုတိယ ကမ္ဘာစစ်အတွင်း တိုင်းရင်းသားလက်နက်ကိုင် တပ်များ ထိန်းချူပ်ထားရာဒေသများတွင်
ကြွင်းကျန်ရစ်သည့် ဂျပန်စစ်သားအရိုးများနှင့် စစ်ကြွင်းကျန် ပစ္စည်းများ ရှာဖွေနိုင်ရန် TJEFD (Thai Japan Education Development Foundation ) မှ လုပ်ဆောင်နေသည်ဟု အဆိုပါအဖွဲ့၏  အလုပ်မှုဆောင် ညွှန်ကြားရေးမှူး  ဖြစ်သူ Mr. Tomoharu Ebihara မှ ပြောသည်။

Mr. Tomoharu Ebihara ဓါတ်ပုံ - dailynk.com

ထိုသို့ ရှာဖွေရာတွင် ပထမအဆင့်အနေဖြင့် အရိုးများ၊ ပစ္စည်းများ၏ ပြန့်ကျဲနေသော တည်နေရာများကို သိရှိနိုင်ရန် ကွင်းဆင်းလေ့လာမှုတွေ ပြုလုပ်သွားရန် ရှိသည် ဟု Mr. Tomoharu Ebihara ကပြောသည်။

၎င်းက “ဒီအဆင့်မှာတော့ အရိုးအပါအ၀င် အခြားပစ္စည်းတွေ တူးဖော်ဖို့ မဟုတ်ပါဘူး။ အချက်အလက်တွေ ကောက်ယူတာ သက်သက် ဖြစ်ပါတယ်”ဟု မဇ္ဈိမကို  ပြောသည်။

ထို့အပြင် တိုင်းရင်းသားဒေသ အတွင်းရှိ သက်ရှိထင်ရှား ကျန်ရစ်နေသည့် ဂျပန်စစ်သားများအားလည်း အတတ်နိုင်ဆုံး ကြိုးစားက ရှာဖွေဖော်ထုတ်သွားမည်ဟုလည်း ဆိုသည်။

အဆိုပါလုပ်ငန်းစဉ်ကို TJEDF မှဖွဲ့စည်းပေးထားသည့် Mekong Region Agriculture and Education Development Center နှင့် ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) တို့ ပူးပေါင်း လုပ်ဆောင်လျက်ရှိသည်ဟု သိရသည်။

TJDEF တွင် တိုင်းရင်းသားအဖွဲ့တစ်ခုချင်းစီမှ အဖွဲ့ခေါင်းဆောင်တစ်ဦး ၀န်ထမ်းနှစ်ဦးဖြင့်ဖွဲ့စည်းထားသော အဖွဲ့အစည်းများ ပါဝင်သည်ဟုသိရသည်။ ယခုအခါ လုပ်ငန်းစဉ်များကိုလည်း တိုင်းရင်းသား ဒေသများ၌ အကောင်အထည် ဖော်နိုင်သည့် အခြေအနေ ရှိနေရာများတွင် စတင်လုပ်ဆောင်နေပြီ ဖြစ်ကြောင်း ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) မှ ဒုဥက္ကဋ္ဌ(၂) စောဒေးဗစ် သာကပေါမှ ပြောသည်။

“အရင်ကသိတယ်၊ ဟောဒီနေရာမှာရှိခဲ့ဖူးတယ်၊ အဲလိုမှတ်တမ်းဓါတ်ပုံတွေပေါ့၊ နီးစပ်ရာနီးစပ်ရာတွေ စုစည်းပြီး လုပ်နေကြပါပြီ။ အဲဒါက အချိန်တော်တော်ယူရမယ်လို့ ထင်တာပဲ” ဟု၎င်းမှ မဇ္ဈိမသို့ ပြောသည်။

၂၀၁၃ခုနှစ်အား တစ်နှစ်တာပတ်လုံး အချက်အလက် ကောက်ယူစုဆောင်းကာ မြေပုံဖေယ်ခြင်းကာလဟု သတ်မှတ်ထားပြီး ဆောင်ရွက်သွားမည်ဟု သိရသည်။ထိုမှတဆင့် ရရှိလာသည့် အချက်အလက် အစီရင်ခံစာ တည်နေရာ အမှတ်အသား ဓါတ်ပုံ အထောက်အထားများကို UNFC, ဂျပန်အစိုးရနှင့်
မြန်မာအစိုးရတို့ထံ ထပ်မံအစီရင်ခံ တင်ပြသွားမည် ဖြစ်သည်။

အစိုးရ အုပ်ချူပ်နယ်မြေရှိ ဒေသများ၌ ဂျပန်အစိုးရ လက်အောက်ခံ အဖွဲ့အစည်းများ အပါအ၀င် အခြားဂျပန်အဖွဲ့များမှ ရှာဖွေခြင်း မှတ်တမ်းတင်ခြင်းကို လုပ်နေသဖြင့်  မိမိတို့ အနေနှင့် တိုင်းရင်းသား
ဒေသများကို ရှာဖွေရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု Mr. Tomoharu Ebihara မှ ဆိုသည်။

ယခု လုပ်ဆောင် နေသည့် လုပ်ငန်းစဉ် အတွက် ငွေကြေး အထောက် အပံ့ များမှာလည်း ဂျပန် နိုင်ငံသား များ၏ ကူညီ ထောက်ပံ့ မှုများ ဖြစ်ကြောင်းလည်း သိရှိ ရသည်။

ယခု လုပ်ဆောင်ချက် များသည် ဂျပန် လူမျိုး များ၏ သမိုင်းကြောင်း များကို ပြန်လည် ဖော်ထုတ် ခြင်းလည်း
ဖြစ်ကြောင်း  စောဒေးဗစ်သာကပေါမှ ပြောသည်။

၎င်းက “ အရင်က ဂျပန်က စစ်ပြီးတော့ မွဲတွေပြီးတော့ ပြန်လည် ထူထောင်ရေး လုပ်ရတယ် ဟုတ်လား၊ အဲဒီ တုန်းက ဒီ သမိုင်း ကြောင်း ကိစ္စကို သိပ်အားမစိုက် နိုင်ဘူးလေ၊ တစ်ပိုင်း အားဖြင့်လည်း သူတို့ရဲ့ ကြီးမားစွာ ရှိခဲ့ဖူးတဲ့ သမိုင်းကြောင်း တွေကို ပြန်လည် ဖော်ထုတ် တာလည်း ဖြစ်တယ်၊ နောင်လာ
နောက်သားတွေ အမှတ်ရ နေအောင်ပေါ့” ဟု မဇ္ဈိမအား ပြောသည်။

နှစ်ပေါင်းအားဖြင့် နှစ် ခြောက်ဆယ်ကျော် ခုနှစ်ဆယ် ၀န်းကျင်ခန့် ရှိပြီ ဖြစ်သဖြင့် အရိုးများနှင့် စစ်ကြွင်းကျန် ပစ္စည်းများ ပြန်လည်ရှာဖွေ ဖော်ထုတ်နိုင်ရေးမှာ လျာထားသလောက် မအောင်မြင်မည်ကို စိုးရိမ်ကြောင်း စောဒေးဗစ်သာကပေါက ပြောသည်။

မြေပုံဖော်ခြင်း လုပ်ငန်းစဉ် ပြီးဆုံးပါက ရှေ့ဆက်၍ တူးဖော်ရေး လုပ်ငန်းစဉ် များကို ဂျပန် နိုင်ငံမှ ကျွှမ်းကျင် ပညာရှင် အဖွဲ့ များဖြင့် လာရောက် တူးဖော် နိုင်ရန် ရည်ရွယ် ထားပြီး မဲခေါင် ဒေသတွင်းရှိ အခြား နိုင်ငံ များ၌လည်း ယခု ကဲ့သို့ အလားတူ စီမံ ကိန်းမျိုး လုပ်ဆောင် သွားရန် ရှိကြောင်း လည်း Mr. Tomoharu Ebihara မှ မဇ္ဈိမအား ပြောကြားခဲ့သည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates