Wednesday, January 23, 2013

ဘက်ထရီအိုး ရှော့ဖြစ်ရာမှ မီးလောင်၊ လူသုံးဦး ဒဏ်ရာရ

စောဇင်ညီ | ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီလ ၂၃ ရက် ၂၀၁၃ ခုနှစ် ၁၈ နာရီ ၀၈ မိနစ်

ရန်ကုန် (မဇ္ဈိ)။   ။ ဗုဒ္ဓဟူးနေ့ နေ့လည် ၁၂ နာရီ ခန့်တွင် ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ် (၁) ရပ်ကွက်၊ (၂) လမ်းတွင် ဘက်ထရီအိုး ရှော့ဖြစ်ရာမှ မီးကူးစက်လောင်ကျွမ်းမှု ဖြစ်ခဲ့ကြောင်း မြို့နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူ တဦးက ပြောသည်။

ဘက်ထရီအိုးမှ တဆင့် မီးစတင် လောင်ကျွမ်းသော မရမ်းကုန်း (၁)ရပ်ကွက် မှ မာကြူရီ ပေါင်မုန့်ဖုတ်ဖို။ (ဓာတ်ပုံ - စောဇင်ညီ၊ မဇ္ဈိ)

မာကျူရီ ပေါင်မုန့်ဖုတ်တိုက် ဂက်စ်အိုး ပွင့်နေချိန်တွင် ဘက်ထရီအိုး ရှော့ဖြစ်ရာမှ မီးကူးပြီး စတင်လောင် ကျွမ်းခဲ့သဖြင့် လူသုံးဦး ဒဏ်ရာရရှိသွားခဲ့သည်။

“ကျနော်တို့ ဒီမုန့်ဖုတ်တဲ့ လုပ်ငန်းကို (၂၀၁၂ ခုနှစ်) ၁၁ လပိုင်းတုန်းကတောင် စစ်ဆေးပါသေးတယ်။ အဲဒီတုန်းက ဂက်စ်အိုးတွေ မတွေ့ခဲ့ဘူး။ အခုမှ ဂက်စ်ကို စနစ်တကျ မသုံးစွဲတာ တွေ့ရတာပါ” ဟု မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူ တဦးက ပြောသည်။

အဆိုပါမီးလောက်မှုကို မီးသတ်ကား ၃၄ စီး၊ အုပ်ချူပ်မှု ယာဉ် နှစ်စီးဖြင့် လာရောက်ငြိမ်းသတ်ခဲ့ပြီး မွန်းလွဲ ၁ နာရီ ၁၂ မိနစ်တွင် မီးညွှန့်ကျိုးခဲ့သည်။

“မီးစလောင်တုန်းက ဂက်စ်အိုးပေါက်သံ နှစ်ချက်ကြားလိုက်ရတယ်။ ပြီးတော့ မီးတောက် ခဏလေး တက်လာပြီး အထဲမှာ လောင်နေတာ တွေ့တယ်။ တော်သေးတာပေါ့ ရပ်ကွက်က ဆောင်ထားတဲ့ ရေစုပ်
ရေဖြန်းစက် သုံးလုံးနဲ့ ဖြန်းနိုင်လို့ အခုလို မီးငြိမ်းသွားတာပါ” ဟု လမ်းသွယ် ၂ တွင် နေထိုင်သော ကိုကျော်ဦး က ပြောသည်။

မီးလောင်မှုကြောင့် မုန့်ဖုတ်စက်တလုံး၊ နေအိမ် တခြမ်းလုံး ပြာကျကာ ကုန်ချော ထုတ်လုပ်ပြီးသော
ပေါင်မုန့် အများစု ဆုံးရှုံးခဲ့၍ စုစုပေါင်း ကျပ်ငွေ သုံးသိန်းခွဲခန့် ဆုံးရှုံးခဲ့ကြောင်း မီးသတ်ဦးစီးဌာနက ထုတ်ပြန်သည်။

ထိခိုက်ဒဏ်ရာရရှိသူ သုံးဦးမှာ အင်းစိန်ဆေးရုံကြီး အရေးပေါ်တွင် ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates