Monday, January 21, 2013

နေ့ခြင်းပြီး ဝန်ဆောင်မှုဖြင့် နိုင်ငံကူးနှင့် သက်သေခံကဒ်များ ထုတ်ပေးသွားမည်


ဟင်္သာနီ (မွန်မြေ) | တနင်္လာနေ့၊ ဇန်နဝါရီလ ၂၁ ရက် ၂၀၁၃ ခုနှစ် ၂၂ နာရီ ၀၂ မိနစ်

ထိုင်းနိုင်ငံအတွင်း ယာယီနိုင်ငံကူး လက်မှတ်နှင့် သက်သေခံကဒ်များ ထုတ်ပေးနိုင်ရေးကို ၂၀၁၃ မေလအထိ တိုးချဲ့ လုပ်ဆောင်ပေးသွားမည် ဖြစ်ကြောင်း ဗန်ကောက်ရှိ မြန်မာသံရုံးမှ ၀န်ထမ်းတဦးက ပြောသည်။

ထိုင်းနိုင်ငံရှိ ငါးဖမ်းသင်္ဘောတခုပေါ် အလုပ်လုပ်နေသည့် မြန်မာ အလုပ်သမားများ။ (ဓာတ်ပုံ - IOM)

တရားဝင်နှင့် တရားမ၀င်ပါ မြန်မာ အလုပ်သမားများ၏ အသက်(၁၅)နှစ်အောက် သားသမီးများအား နိုင်ငံအတွင်း   တရားဝင် နေထိုင်ခွင့်ရှိမည့် C of I (Certificate of Identity) ခေါ် သက်သေခံ အထောက်အထားများအား ထုတ်ပေးနိုင်ရေးနှင့် မှတ်ပုံမတင်ရသေးသည့် တရားမ၀င် အလုပ်သမားများအတွက် ယာယီ နိုင်ငံကူးလက်မှတ် ထုတ်ပေး နိုင်ရေးကို လုပ်ဆောင် ပေးသွားမည်ဟု သိရသည်။

“ဇန်နဝါရီ ၁၅ ကနေ ဖေဖော် ဝါရီ (၁၅) ထိဟာ Registration လုပ်တဲ့ ကာလ၊ ဖေဖော် ဝါရီ (၁၅) ကနေ မေ (၁၅) လောက် အထိက လုပ်ဆောင် ပေးမယ့် ကာလလို့ ကျွှန်တော်တို့ သတ်မှတ်ပြီး လုပ်ဆောင် ပေးသွားဖို့ အစီအစဉ် ရှိပါတယ်” ဟု ဗန်ကောက် မြန်မာ သံရုံးမှ သံဝန်ထမ်း တစ်ဦးမှ မဇ္ဈိမအား ပြောသည်။

ပြီးခဲ့သည့် ၂၀၁၂ ဒီဇင်ဘာ ၁၄ ရက်နေ့ နောက်ဆုံး ထားကာ ထိုင်းနိုင်ငံ တွင်းရှိ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားမှ တရားမဝင် အလုပ် သမားများ နိုင်ငံသား အသိအမှတ်ပြု မှတ်ပုံ တင်ခြင်း (Nationality Verification Process)ပြုလုပ်ရန် ထိုင်းအစိုးရမှ ထုတ်ပြန် ထားသော်လည်း အောင်မြင်စွာ အကောင် အထည် ဖော်နိုင်ခြင်း မရှိခဲ့ပေ။         

မြန်မာအစိုးရ တာဝန်ရှိသူများ ဖြစ်သည့် အလုပ်သမား ၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဋ္ဌာန ဒုဝန်ကြီး ဦးမြင့်သိန်းမှ ထိုင်းနိုင်ငံသို့ လာရောက်ကာ ထိုင်းအလုပ်သမားရေး ၀န်ကြီးဋ္ဌာနနှင့် ထိုင်းအာဏာပိုင်များ ဆွေးနွေးခဲ့ပြီး နောက်ပိုင်း ထိုင်းအစိုးရမှ သက်တမ်း သုံးလ ထပ်မံ၍ တိုးပေးခဲ့သည်။

ထို့ကြောင့် မြန်မာ အလုပ် သမားများ အနေဖြင့် မိမိတို့၏ အလုပ်ရှင် များမှ တဆင့် နီးစပ်ရာ ထိုင်း အလုပ်သမား ဌာန များတွင် အမြန်ဆုံး မှတ်ပုံတင်ကြရန်လည်း မြန်မာ သံရုံးမှ ဇန်နဝါရီလ ၁၈ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ချက် တစ်စောင် ထုတ်ပြန်ကာ အသိပေးနှိုးဆော်ထားသည်။

ထို့အတူ ထိုင်းမီဒီယာ၊ ရုပ်သံ၊ ရေဒီယို စာစောင် များ၌လည်း ဆက်လက် ထုတ်ပြန် အသိပေး သွားနိုင်ရန် အတွက် ထိုင်း အာဏာပိုင် များနှင့် ပြောကြား ထားပြီး ဖြစ်သည် ဟုလည်း သံရုံး ဝန်ထမ်းမှ ဆက်ပြောသည်။

“ထိုင်း မီဒီယာ တွေက နေပြီးတော့ ဒီနေ့ ဇန်နဝါရီ (၂၁) ရက်နေ့က စပြီး စတင် ထုတ်ပြန် ကြေငြာ ပေးသွား မယ်လို့ ကျွန်တော် တို့ကို ပြောထားတယ်၊ အလုပ် သမားတွေ အားလုံး သိနိုင်အောင် အတွက် သတင်းစာ၊ ရေဒီယို၊ စာစောင်၊ ဂျာနယ် တွေရော ကြေငြာ ပေးမယ်လို့တော့ ပြောထားတယ်” ဟု မြန်မာသံရုံးဝန်ထမ်းက မဇ္ဈိမအား ဆက်ပြောသည်။

သို့သော်လည်း ၄င်း လုပ်ငန်း စဉ်တွင် ထိုင်း အလုပ်ရှင် တစ်ဦးဦး၏ အလုပ် သမား ငှားရမ်းခွင့် (ကိုတာ) ရှိမှသာ လုပ်ဆောင် နိုင်ကြမည် ဖြစ်ကာ အလုပ်သမား များ အနေဖြင့် ၎င်းအလုပ်ရှင် ရရှိရန် ငှားရမ်း ကြရမည် ဖြစ်ကာ မလိုလား အပ်သည့် ပွဲစား များ၏ လိမ်လည် မှုများနှင့် အခြား အခကြေး ငွေများ ကုန်ကျ မည်ကို စိုးရိမ်စရာ ဖြစ်နေကြောင်း မြန်မာ့ အလုပ်သမား အရေး လှုပ်ရှား ဆောင်ရွက် နေသည့် ထိုင်းနိုင်ငံရောက် မြန်မာ နိုင်ငံသားများ အသင်း Myanmar Association Thailand (MAT) မှ ဒါရိုက်တာ ဦးကျော်သောင်းမှ ထောက်ပြ ပြောဆိုခဲ့သည်။

“အကြမ်းဖျင်း ပြောရရင် ကုန်ကျ စရိတ်က ဘတ် ၇၀၀၀  လောက် ကျမယ်၊ အဲဒါက ထိုင်းအစိုးရ အဖွဲ့ကို တရားဝင်ပေးရမှာ၊ အဲဒါက လှုပ်ရှားစရိတ်တွေ မပါသေးဘူး၊ ဆိုတော့ တစ်သောင်း ဝန်းကျင် ရှိမယ်၊ အခု ပွဲစားတွေက အားလုံး အလုံးစုံ လုပ်ပေးမယ် ၁၂၀၀၀ ကနေ ၁၈၀၀၀ အထိ ဈေးဖွင့်ပြီး ခေါ်နေ ကြတာတော့ ကျွှန်တော်တို့သတင်းတွေ ကြားရတယ်” ဟု ၎င်းက မဇ္ဈိမအား ဆက်ပြောသည်။

မိမိတို့ ခန့်မှန်းခြေ စာရင်း များအရ ထိုင်းနိုင်ငံ အတွင်း တရားမဝင် အလုပ်သမားများ သန်းဂဏန်း ဝန်းကျင်ခန့် ရှိမည်ဟု မြန်မာသံရုံး ဝန်ထမ်းမှပြောဆိုပြီး ဦးကျော်သောင်းကလည်း ယင်းကိန်းဂဏန်း ပမာဏသည် ၎င်းတို့ခန့်မှန်းချက်နှင့် မကွာခြားကြောင်း ပြောသည်။  

“တရားမဝင် အလုပ်သမား ပေါင်း တစ်သန်းခွဲ ကနေ နှစ်သန်း နီးပါး ကျန်သေး တယ်လို့ ကျွှန်တော်တို့ ခန့်မှန်း ထားတယ်၊ ဒါပေမယ့် ထိုင်း အလုပ် သမား ဝန်ကြီး ဌာနက ထုတ်ပြန်တဲ့ အချက် အလက်ကို အခြေ ပြုပြီး ခန့်မှန်း ထိုင်း အန်ဂျီအို တွေက မှတ်ပုံ မတင်ရ သေးတဲ့ အလုပ် သမားပေါင်း (၉) သိန်း ဝန်းကျင် လောက် မှန်းထား တာလည်း ရှိတယ်” ဟု MAT မှ မဇ္ဈိမအား ရှင်းပြသည်။

ထိုင်း တစ်နိုင်ငံလုံး အတိုင်းအတာ ဖြင့်မူ ပြီးခဲ့ သည့်နှစ် မြန်မာ့ အလုပ်သမား အရေး လုပ်ဆောင် နေကြသည့် စာရင်း ဇယား များအရ တရားဝင်ရော တရားမဝင် အလုပ် သမားပေါင်း သုံးသန်းခွဲ မှ လေးသန်း နီးပါး ရှိမည်ဟု ခန့်မှန်း ထားကြသည်။  

ထိုင်း အစိုးရက တရားဝင် ထုတ်ပြန်ချက် အရ တရားဝင် အလုပ် သမားပေါင်း တစ်သန်း သုံးသောင်း ခန့်သာ ပတ်စ်စပိုစ့် လုပ်ပေး နိုင်သေး သည်ဟု ထုတ်ပြန် ထားကြောင်း ဦးကျော်သောင်းမှ ဆက်ပြောသည်။

၎င်း C of I လုပ်ငန်း စဉ်နှင့် တရား မဝင် အလုပ် သမားများ ပြန်လည် မှတ်ပုံတင် နိုင်ရေးမှာ ထိုင်း ရုပ်သံများမှ ထုတ်ပြန် ချက်များသာ မိမိတို့ သတင်း သိရှိ ထားရ သော်လည်း  မိမိတို့ အသိုင်း အဝိုင်း၌ မကြားရ သေးကြောင်း စမုတ်ဆာခွန် ခရိုင်၊ မဟာချိုင်၌ နေထိုင်သည့် ရွှေ့ပြောင်း အလုပ်သမား တစ်ဦးမှ မဇ္ဈိမအား ပြောသည်။

၎င်း လုပ်ငန်း စဉ်ကို အလုပ်သမား ယာယီ နိုင်ငံကူး လက်မှတ် ထုတ်ပေးရေး စခန်း (၁၀) ခု၌ One-Stop-Serviceဖြင့် နေ့ခြင်းပြီး လုပ်ဆောင် ပေးသွားမည် ဖြစ်ကြောင်းလည်း ဗန်ကောက် မြန်မာ သံရုံး ထုတ်ပြန် ချက်၌ ရေးသားဖော်ပြ ထားပါသည်။ 

 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates