Tuesday, January 22, 2013

လယ်တန်ဖိုး၏ ၃၀ ရာခိုင်နှုန်းကို ဧပြီ ၁ ရက်မှ စတင် ချေးယူနိုင်မည်

ခင်မျိုးသွယ် | အင်္ဂါနေ့၊ ဇန်နဝါရီလ ၂၂ ရက် ၂၀၁၃ ခုနှစ် ၁၉ နာရီ ၄၂ မိနစ်

ရန်ကုန် (မဇ္ဈိမ)။   ။ တောင်သူ လယ်သမားများအနေဖြင့် မိမိလယ်ယာတန်ဖိုး၏ ၃၀ ရာခိုင်နှုန်းကို ဘဏ်ဥပဒေ
လုပ်ထုံးလုပ်နည်းနှင့်အညီ သက်ဆိုင်ရာဘဏ်များတွင် ဧပြီလ ၁ ရက်နေ့မှ စတင် ချေးယူနိုင်မည်ဖြစ်ကြောင်း
မြန်မာနိုင်ငံ တောင်သူလယ်သမားအသင်း မှတဆင့် သိရသည်။

ယင်းအတွက် တောင်သူများ၏ လယ်ယာမြေ မှတ်ပုံတင်များကို မတ်လအကုန်တွင် ပြီးစီးစွာ ဆောင်ရွက်
နိုင်စေရန် သက်ဆိုင်ရာမြို့နယ် မြေစာရင်းဦးစီးဌာနများတွင် ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

“လယ်ယာမြေ မှတ်ပုံတင်ကို အပေါင်သဘောမျိုး ထားပြီး အစိုးရ အသိအမှတ်ပြုတဲ့ ဘဏ် တခုခုမှာ ချိတ်ဆက်
ချေးငှားနိုင်အောင် စီစဉ်ပေးမယ်လို့ ဇန်နဝါရီ ပထမ အပတ်ထဲမှာ ပြုလုပ်ခဲ့တဲ့ အရန်ဆန် ကော်မတီ အစည်းအဝေးမှာ လယ်ယာနှင့်ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက ပြောခဲ့ပါတယ်” ဟု မြန်မာနိုင်ငံ ဆန်စပါးအဖွဲ့ချုပ်မှ
ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာစိုးထွန်း က ပြောသည်။

ထို့အပြင် ဝန်ကြီးဌာနအနေဖြင့် ၂၀၁၂-၂၀၁၃ ခုနှစ် နွေစပါးစိုက်ပျိုးမှုမှ စ၍ စိုက်ပျိုးစရိတ် ချေးငွေများ အတွက် လယ် ၁
ဧကလျှင် ကျပ် ၁ သိန်းနှုန်းဖြင့် ၁၀ ဧက အထိ ချေးယူနိုင်မည်ဟု ကြေညာထားပြီး ဖြစ်သည်။

လယ် တဧကလျှင် စိုက်ပျိုးစရိတ် ကုန်ကျငွေမှာ ကျပ် ၁ သိန်းခွဲဝန်းကျင် ရှိနေသဖြင့် တောင်သူလယ်သမားများမှာ
လိုအပ်သည့် ငွေများကို ပြင်ပအတိုးကြီးများနှင့် ချေးယူသုံးစွဲနေရသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates