Saturday, January 12, 2013

လိုင်ဇာတွင် စိုးရိမ်မှုနှင့် ရွှေ့ပြောင်း ရှောင်တိမ်းမှုများ ရှိနေ

နေမျိုး | စနေနေ့၊ ဇန်နဝါရီလ ၁၂ ရက် ၂၀၁၃ ခုနှစ် ၁၈ နာရီ ၀၉ မိနစ်

နယူးဒေလီ (မဇ္ဈိမ)။     ။ အစိုးရတပ်နှင့် ကချင်လွတ်လပ်ရေးတပ် (KIA) တို့အကြား တိုက်ပွဲများ ဆက်တိုက်
ဖြစ်ပွားနေ၍ KIA ဌာနချုပ် အနီးရှိ လိုင်ဇာမြို့ခံ ပြည်သူများ အကြားတွင် စိုးရိမ်စိတ်ပူပန်မှုများ ဖြစ်ပေါ်နေပြီး
ရွှေ့ပြောင်းမှုများ ရှိနေကြောင်း သိရှိရသည်။

“ရှောင်တိမ်းတာလည်း ပါတယ်ပေါ့။ တချို့ကျတော့လည်း လုပ်ငန်းပိုင်းရှိတယ်။ ဒီစစ်ရေး အခြေအနေပေါ် မူတည်ပြီး ဟိုဘက်လုပ်ငန်းပိုင်း ပြောင်းရွှေ့ လုပ်ကိုင်တာ ရှိတယ်။ ဒီမှာနေပြီး ဘယ်မှ ပြောင်းရွှေ့စရာ မရှိတဲ့သူ ကျတော့လည်း ဒီမှာပဲနေကြတယ်။ စိုးရိမ်ကြောင့်ကြမှုတွေ ရှိတယ်ဗျ။ တနေ့က ဆိုလို့ရှိရင် လက်နက်ကြီးပစ်တဲ့ အချိန်တို့၊ လေယာဉ်နဲ့ လာတဲ့အချိန်တို့ တကယ်စိတ်ကို ဂဏာမငြိမ် ဖြစ်တာကို
တွေ့ရတယ်ဗျ။ သူတို့ တုန်လှုပ်ခြောက်ခြားနေတဲ့ အနေအထားပေါ့” ဟု လိုင်ဇာမြို့နေ ကိုဂျပ်စတင်း က မဇ္စျိမကို ပြောသည်။

စီးပွားရေးအရလည်း အရေးပါသည့် တရုတ်-မြန်မာ နယ်စပ် လိုင်ဇာမြို့တွင် အခြားဒေသများမှ လာရောက် စီးပွားရှာသူများ နည်းပါးသွားကြောင်း KIA မှ ဒု-ဗိုလ်မှူးကြီး ယော်ထုံ က ပြောသည်။  

“လူထုတော့ နည်းနည်း ပါးသွားတာပေါ့။ အရင်တုန်းက ဈေးရောင်းဈေးလာတွေ အရမ်းများတယ်။ အခု စစ်ပွဲဖြစ်လာတော့ သူတို့မရှိတော့ ဒေသခံတွေပဲ ဆိုတော့ ပါးလာတာပေါ့” ဟု ဆိုသည်။  

ထို့ပြင် တိုက်ပွဲများ အရှိန်မြှင့်လာခြင်းကြောင့် လိုင်ဇာမြို့ပြင်ရှိ ဒုက္ခသည်စခန်းများတွင် နဂိုရှိနေသည့် ဒုက္ခသည်များအပြင် ထပ်မံ၍လည်း နေ့စဉ်တိုးနေကြောင်း အလွတ် သတင်းထောက် တဦးလည်းဖြစ်သည့် ကိုဂျပ်စတင်း က ပြောသည်။

“အရင်အခြေအနေကောင်းတုန်းက ရှေ့တန်းပိုစ့် (KIA ကင်းစခန်းများအနီးရှိရွာများ) မှာ သွားနေတဲ့ ဟာတွေရှိတယ်။ အခုအခြေအနေ လုံးဝ မကောင်းတော့ ပြန်လာတဲ့ဟာတွေ ရှိတယ်။ နေ့တိုင်းနီးပါးလို တိုက်ပွဲဖြစ်နေတဲ့ အခါကျတော့၊ အများအားဖြင့် Camp (စခန်း)ထဲမှာ နေတယ်။ ဂျေယောင့်၊ လူမြှောင်၊ မိုင်ဂျာယန် ဘက်မှာလည်း ရှိတယ်။ အခုဟာ လိုင်ဇာ ဝန်းကျင် လောက်တင် ၈ သောင်းကျော်လောက် ရှိတယ်။ နေ့စဉ် လေး၊ ငါး ဆယ်လောက် တိုးနေတယ်” ဟု ဆိုသည်။

သောကြာနေ့က ထုတ်ပြန်လိုက်သည့် ပြည်သူ့လွှတ်တော် ကြေညာချက်တွင်လည်း “နှစ်ဘက် စစ်ရေးပြင်ဆင် တည်ဆောက်မှုများကြားတွင် ပြည်သူများ စိုးရိမ်ထိတ်လန့်ကြီးစွာနှင့် များပြားသော ဒုက္ခကို ခံစားရပ်တည်နေကြရသည်ဟု လွှတ်တော်က ရှုမြင်သည်” ဟု ဖော်ပြပါရှိသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates