Tuesday, January 22, 2013

စမ်းချောင်းမြို့နယ်တွင် ၉ မမ အမျိုးအစား ကျည်ဆံများတွေ့

စောဇင်ညီ | အင်္ဂါနေ့၊ ဇန်နဝါရီလ ၂၂ ရက် ၂၀၁၃ ခုနှစ် ၁၈ နာရီ ၁၄ မိနစ်

ရန်ကုန် (မဇ္ဈိမ)။      ။ အင်္ဂါနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ် လင်းလွန်းတောင် ရပ်ကွက် လင်းလွန်းရိပ်သာ (၂) လမ်းတွင် ရေမြောင်းများ ရှင်းလင်းရာမှ ကျည်ဆံများ တွေ့ရှိခဲ့ကြောင်း နယ်ထိန်း ဦးမောင်မောင်ဦး က ပြောသည်။

၎င်းကျည်ဆံများမှာ ၉ မမ အမျိုးအစား ဖြစ်ပြီး စုစုပေါင်း ၁၄ တောင့်ဟု ဆိုသည်။

ရေမြောင်းများပေါ်တွင် ကတ္တရာများ ဖုံးရန်အတွက် စည်ပင်သာယာ ဝန်ထမ်းများဖြင့် ရေမြောင်း ရှင်းလင်းရာမှ မြေကြီးများနှင့် ရောနှောကာ ထွက်ပေါ်လာသည်ဟု ရေမြောင်းတူးဖော်မှုအား
စောင့်ကြည့်သည့် ရပ်မိရပ်ဖတဦးဖြစ်သူ ဦးမျိုးထွန်း က ပြောသည်။

“ကျနော်တို့ အိမ်အမှတ် (၁၁)ရဲ့ မျက်နှာစာနဲ့ ၁၅ ပေအကွာမှာ တွေ့တာပါ။ တယောက်ယောက်က လာပြီး လွှင့်ပစ်ခဲ့တာလို့ ထင်ပါတယ်” ဟု ဆိုသည်။

အဆိုပါ ကျည်ဆံ ၁၄ တောင့်အား လင်းလွန်းတောင်ရပ်ကွက် အုပ်ချူပ်ရေးမှူး ရုံးမှတဆင့် စမ်းချောင်းမြို့နယ် ရဲစခန်းသို့ အပ်နှံလိုက်ကြောင်း သိရသည်။

“ကျနော်တို့ ဒီကျည်ဆံတွေကို စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။ အရေးအခင်းတို့၊ စစ်ဖြစ်တုန်းကတို့မှာ ကျန်ခဲ့တာတွေလည်း ဖြစ်နိုင်ပါတယ်” ဟု လင်းလွန်းမြောက် ရပ်ကွက် နယ်ထိန်း ဦးမောင်မောင်ဦး က ပြောသည်။

လင်းလွန်းလမ်းသွယ် ၂ လမ်းမှ ရေမြောင်းအား လမ်းတည်ဆောက်ခဲ့သည့် လွန်ခဲ့သော နှစ် ၂၀
ကျော်ကပင် ဖောက်လုပ်ထားခြင်း ဖြစ်ပြီး ရှင်းလင်းခြင်း မပြုလုပ်သည်မှာ လေးနှစ်ခန့်ရှိပြီကြောင်း သိရသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates