Thursday, January 24, 2013

မြန်မာတိုင်းရင်း အလှမွေးငါးများကို စင်္ကာပူသို့ အဓိက တင်ပို့နေ

ခင်မျိုးသွယ် | ကြာသပတေးနေ့၊ ဇန်နဝါရီလ ၂၄ ရက် ၂၀၁၃ ခုနှစ် ၁၇ နာရီ ၁၂ မိနစ်

ရန်ကုန် (မဇ္ဈိမ)။   ။ မြန်မာမျိုးရင်း အလှမွေးငါးများကို စင်္ကာပူနိုင်ငံသို့ အဓိက တင်ပို့နေကြောင်း အလှမွေးငါး လုပ်ငန်းရှင်များအသင်းက ဆိုသည်။

“အခြား တင်ပို့ရောင်းချနေတဲ့ နိုင်င်ငံတွေက ထိုင်း၊ မလေးရှား၊ တရုတ်နဲ့ ဟောင်ကောင်ကို တင်ပို့
ရောင်းချလျက် ရှိပါတယ်” ဟု မြန်မာနိုင်ငံ အလှမွေးငါး လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးလိုကင်ဆိုင် က ပြောသည်။

ထိုသို့ တင်ပို့သည့် အလှမွေးငါးများမှာ ငါးနီချောင်၊ ငါးခုံးမ၊ စမ်းငါးကျီး၊ တံငါငို၊ ငါးမြီးဝါ၊ ငါးမြီးလောင်းလေး၊ ငါးရွှေစာရေး၊ ငါးကြေးဆတ်၊ ငါးမွေထိုး၊ ငါးပနော်၊ ငါးဝက်ထော်၊ ငါးလေးသည်တော် စသည့်ငါးများ
ဖြစ်သည်ဟု ဆိုသည်။

“တိုင်းရင်း အလှမွေးငါးတွေကို ပိုက်ငယ်၊ မြှုံး၊ ရင်ကွဲမြှုံး၊ ရေကွင်းစတဲ့ ပစ္စည်းတွေနဲ့ အပွန်းအပဲ့မရှိ အရှင်ရအောင် ဖမ်းတာပါ” ဟု ရခိုင်ဒေသမှ အလှမွေးငါးများကို ရန်ကုန် လုပ်ငန်းရှင်များထံသို့ တင်ပို့ရောင်းချနေသူ ဦးထွန်းလှ က ပြောသည်။

မြန်မာမျိုးရင်း အလှမွေးငါးများကို ရခိုင်ပြည်နယ်၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်းနှင့် ရှမ်းပြည်နယ် တောင်ပိုင်း စသည်တို့တွင် ဖမ်းယူနေကြောင်း သိရသည်။

“မြန်မာနိုင်ငံကနေ စင်္ကာပူကို တင်ပို့တဲ့ အလှမွေးငါးတွေထဲက အတော်များများကို စင်္ကာပူ ကုမ္ပဏီတွေက
နေ အလှမွေးငါး ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာမှာ ဆုတွေ ရကြပါတယ်။ အထူးသဖြင့် လေးသီတော်ငါး၊ စူမိုငါး၊ ငါးပက်လက်၊ ရွှေစာရေးငါး၊ ကျားသစ်ကြီး စတဲ့ အလှမွေးငါးတွေ ဆုရရှိခဲ့ပါတယ်” ဟု အလှမွေးငါး တင်ပို့နေသည့် လုပ်ငန်းရှင်တဦးက ဆိုသည်။

စင်္ကာပူနိုင်ငံတွင် ကျင်းပပြုလုပ်သည့် အလှမွေးငါးပြိုင်ပွဲတွင် မြန်မာကုမ္ပဏီများ အနေဖြင့် သယ်ယူ ပို့ဆောင်စရိတ်၊ ပြပွဲအခန်းငှါးခများ စရိတ်ကြီးမြင်လှ၍ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်း မရှိဟု ဆိုသည်။

ပြည်ပနိုင်ငံများသို့ နှစ်အလိုက် တင်ပို့ရောင်းချနိုင်မှုမှာ ၂၀၁၀-၁၁ ခုနှစ်တွင် အလှမွေးငါး ၈ တန်ကျော်ခန့်ကို အမေရိကန်ဒေါ်လာ ၂၀,၀၀၀ ကျော်၊ ၂၀၁၁-၁၂ ခုနှစ်တွင် ၉ တန်ကျော်အား အမေရိကန် ဒေါ်လာ ၂၇,၀၀၀ ခန့်ဖြင့် တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စာရင်းဇယားများ အရ သိရသည်။ 
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates