Wednesday, January 23, 2013

လယ်ယာမြေ လုပ်ပိုင်ခွင့် လက်မှတ် ထုတ်ပေးရန် စီမံချက်ရေးဆွဲ

ခင်မျိုးသွယ် | ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီလ ၂၃ ရက် ၂၀၁၃ ခုနှစ် ၁၉ နာရီ ၃၁ မိနစ်

ရန်ကုန် (မဇ္ဈိမ)။    ။ တောင်သူလယ်သမားများအတွက် လယ်ယာမြေ လုပ်ကိုင်ခွင့် လက်မှတ် စာအုပ် ထုတ်ပေးရန်အတွက် အသေးစိတ် လုပ်ငန်းစီမံချက်များကို ရေးဆွဲနေပြီဟု လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်ဇော် က လွှတ်တော်တွင် ပြောဆိုသွားသည်။

ယင်းအတွက် နေပြည်တော် ကောင်စီ နယ်မြေအပါအဝင် တိုင်းနှင့် ပြည်နယ်များတွင် ဖွဲ့စည်းထားသည့် လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့၏ ကြီးကြပ် ကွပ်ကဲမှုဖြင့် အသေးစိတ် လုပ်ငန်းစီမံချက်များ ရေးဆွဲနေပြီဟု ဆိုသည်။

လယ်ယာမြေ ဥပဒေနှင့် နည်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ရပ်/ကျေး၊ မြို့နယ်၊ ခရိုင် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့များက ဆောင်ရွက်လျက်ရှိကြောင်း ဇန်နဝါရီလ ၂၂ ရက်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဒုတိယဝန်ကြီး ဦးခင်ဇော်က ပြောကြားခဲ့သည်။

'လယ်ယာမြေ မှတ်ပုံတင်ကို အပေါင်သဘောမျိုးထားကာ အစိုးရအသိအမှတ်ပြု ဘဏ်တခုခုတွင် ချိတ်ဆက်ချေးငှါးနိုင်ရန် စီစဉ်ပေးမည်'ဟု ဇန်နဝါရီလ ၇ ရက်က ပြုလုပ်ခဲ့သည့် အရန်ဆန် ကော်မတီ အစည်းအဝေးတွင် ဝန်ကြီးက ပြောကြားခဲ့ပြီးနောက် ထွက်ပေါ်လာသည့် အကျိုးရလဒ်ဖြစ်ကြောင်း
မြန်မာနိုင်ငံ တောင်သူလယ်သမားအသင်း ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်း က သုံးသပ်ပြောကြားသည်။

ဧပြီလ ၁ ရက်နေ့မှစ၍ တောင်သူလယ်သမားများအနေနှင့် လယ်ယာမြေများကို အပေါင်စနစ်ဖြင့် လယ်ယာတန်ဖိုး၏ ၃၀ % ကို ချေးငှါးခွင့် ရနိုင်မည်ဖြစ်ကြောင်းလည်း ဝန်ကြီးက ပြောဆိုထားသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates