Monday, January 28, 2013

မြန်မာလုပ်သားများအတွက် နိုင်ငံကူးလက်မှတ်ထုတ် စခန်း ထိုင်းတွင် ၁၀ ခုထိ တိုးချဲ့မည်


တင်ဇာအောင် | တနင်္လာနေ့၊ ဇန်နဝါရီလ ၂၈ ရက် ၂၀၁၃ ခုနှစ် ၁၃ နာရီ ၃၃ မိနစ်

ရန်ကုန် (မဇ္ဈိမ)။   ။ ထိုင်းနိုင်ငံရှိ အထောက်အထားမဲ့ မြန်မာလုပ်သားများအတွက် မတ်လ မတိုင်မီ အထောက်အထား ထုတ်ပေးရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်ပေးသွားမည်ဖြစ်ရာ ၎င်းအတွက်
နိုင်ငံကူးလက်မှတ် ထုတ်ပေးရေး စခန်း ၁၀ ခုထိ တိုးချဲ့လုပ်ကိုင်ပေးသွားမည်ဟု သိရသည်။

ယခင် ယာယီ မြန်မာနိုင်ငံကူး လက်မှတ် ထုတ်ပေးရေး စခန်း ၅ ခုသာ ထားရှိရာမှ ယခုလို တိုးချဲ့ဖွင့်လှစ်ရန် ဇန်နဝါရီလ ၁၅ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပခဲ့သည့် နှစ်နိုင်ငံ အလုပ်သမားရေးရာ ကျွမ်းကျင်သူများ ညှိနှိုင်းအစည်းအဝေးတွင် ဆွေးနွေးခဲ့ကြောင်း အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာန က ဆိုသည်။

နှစ်နိုင်ငံ ညှိနှိုင်းမှုအရ လျာထားသည့် စခန်း ၁၀ ခုမှာ စမုပရာကန်၊ စမုစခွန် (မဟာချိုင်)၊ စူရတ်ဌာနီ၊ ချင်းမိုင်၊ လရောင်၊ ပထုံဌာနီ၊ ကန်ချနဘူရီ၊ နခွန်ရတ်ခ်ျ စီမာ၊ ခွန်ခန်နှင့် ဆွန်ခလာ တို့ ဖြစ်သည်။

ထိုစခန်းများအား အလုပ်သမားများ အလုပ်လုပ်ကိုင်သည့် နေရာဒေသ အခြေအနေ၊ မှတ်ပုံတင် လာရောက်
ပြုလုပ်မှု အခြေအနေပေါ်မူတည်၍ အတည်ပြုရွေးချယ် သွားမည်ဖြစ်သည်။ ယင်းကဲ့သို့ ယာယီ နိုင်ငံကူး လက်မှတ်များ ထုတ်ပေးရေး စခန်းများသို့ မြန်မာလုပ်သားများ အနေဖြင့် ခွင့်ပြုကာလ အတွင်း သက်ဆိုင်ရာ အလုပ်ရှင်များမှ တဆင့် မှတ်ပုံတင်မည့် အထောက်အထားများ ရရှိရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း သက်ဆိုင်ရာက ပြောကြားသည်။

ထိုင်းနိုင်ငံရောက် အထောက်အထားမဲ့ မြန်မာ လုပ်သားများ အနေဖြင့် ထိုင်း-မြန်မာ နယ်စပ် စခန်းများရှိ ယာယီ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေး စခန်းများသို့ပြန်လာကာ  မှတ်ပုံတင်ရန် မလိုတော့ဘဲ ထိုင်းနိုင်ငံ အတွင်းရှိ နီးစပ်ရာ ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးရေး စခန်းများသို့ သွားရောက်ပြီး အထောက်အထားများ ရယူဆောင်ရွက်နိုင်မည် ဖြစ်သည်။

ထိုင်းနိုင်ငံရောက် အထောက်အထားမဲ့ မြန်မာလုပ်သားများအတွက် အထောက်အထား လုပ်ပေးရေး လုပ်ငန်းစဉ်များကို ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ပိတ်သိမ်းရန် ဆုံးဖြတ်ခဲ့သော်လည်း မြန်မာ သမ္မတနှင့် ထိုင်းဝန်ကြီးချုပ်တို့ ဆွေးနွေး သဘောတူညီမှုအရ အချိန်ကာလ ၃ လ ထပ်မံ တိုးမြှင့်ပေးခဲ့ခြင်း
ဖြစ်သည်။

 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates