Saturday, January 26, 2013

အိန္ဒိယမှ မြန်မာ အကျဉ်းသား လေးဦး ပြန်ပို့ရန် စီစဉ်

မဇ္ဈိမသတင်းဌာန | စနေနေ့၊ ဇန်နဝါရီလ ၂၆ ရက် ၂၀၁၃ ခုနှစ် ၁၄ နာရီ ၀၁ မိနစ်

နယူးဒေလီ (မဇ္ဈိမ)။   ။ အိန္ဒိယနိုင်ငံ၊ အနောက် ဘင်္ဂလားပြည်နယ်၊ ကိုလ်ကတ္တားရှိ ပြုပြင်ရေးဌာနများတွင် ထားရှိသော မြန်မာ အကျဉ်းသား လေးဦးအား နေရပ်ရင်း ပြန်ပို့နိုင်ရန် ပြည်နယ်၏ ပြည်ထဲရေးဌာနက ဗဟိုအစိုးရကို တောင်းဆိုထားသည်။

မြန်မာ၊ ယူကရိန်း၊ လီဆိုသိုနှင့် နိုက်ဂျီးရီးယားနိုင်ငံတို့မှ အကျဉ်းသား ရှစ်ဦးမှာ ၎င်းတို့၏ ပြစ်ဒဏ်များကို အပြည့်အဝ ကျခံကြပြီးဖြစ်ကာ နေရပ်ရင်း မပြန်နိုင်ဘဲ အချို့မှာ ၁၀ နှစ်ခန့် ဆက်လက် ချုပ်နှောင်ခံ
နေကြရဆဲ ဖြစ်ကြောင်း The Statesman သတင်းစာက ရေးသားထားသည်။

၎င်းတို့ မည်သည့် အမှုများဖြင့် အပြစ်ပေးခံခဲ့ရကြောင်းကိုမူ ဖော်ပြထားခြင်း မရှိပေ။

မြန်မာ တဦးအပါအဝင် သုံးဦးမှာ ၂၀၀၂ ခုနှစ်ကတည်းက ပြစ်ဒဏ်ပြီးမြောက် ကျခံပြီး ဖြစ်ကာ ကျန်လူများ မှာလည်း လွန်ခဲ့သော ၅ နှစ်အတွင်း ပြစ်ဒဏ် ပြီးမြောက် ကျခံခဲ့ကြပြီးဖြစ်၍ ဗဟိုပြုပြင်ရေးဌာန ၃ ခုတွင် နေထိုင်နေကြရသည်။

“အဓိက ဒုက္ခက သူတို့ရဲ့ နေရပ်လိပ်စာတွေကို အထောက်အထား မပြနိုင်တာပဲ” ဟု ပြန်လည်ပြုပြင်ရေး ဆိုင်ရာ အုပ်ချုပ်ရေးဌာန၏ အရာရှိတဦးက ဆိုသည်။

အဆိုပါ ပြုပြင်ရေးဌာန ၃ ခုတွင် နိုင်ငံခြားသား ၂,၅၀၀ ခန့် ထားရှိကာ ထိုအထဲတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၂,၂၀၀၊ ပါကစ္စတန်မှ ၁၀ ယောက်နှင့် ကျန် ၃၆ ယောက်မှာ ယူကရိန်း၊ နိုက်ဂျီးရီးယား၊ တောာင်အာဖရိက၊ လီဆိုသိုနှင့် မြန်မာနိုင်ငံသားများဟု သိရသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates