Thursday, January 17, 2013

ကျွန်းနှင့်သစ်မာ စိုက်ပျိုးရန်ထက် ထုတ်လုပ်ရန် လျာထားမှုက ပိုများနေ

ခင်မျိုးသွယ် | ကြာသပတေးနေ့၊ ဇန်နဝါရီလ ၁၇ ရက် ၂၀၁၃ ခုနှစ် ၁၉ နာရီ ၄၀ မိနစ်

ရန်ကုန် (မဇ္ဈိမ)။   ။ ကျွန်းသစ်နှင့် သစ်မာ စိုက်ပျိုးမှု လျာထားချက်ထက် နှစ်စဉ် တိုးမြှင့် ထုတ်လုပ်ရန် လျာထားမှုမှာ မြန်မာ့သစ်တော ဧရိယာများ လျော့ပါးနိုင်သည့် စီမံကိန်း ဖြစ်နေကြောင်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ်တဦးက ပြောဆိုလိုက်သည်။

“သစ်တောကဏ္ဍရဲ့ လုပ်ငန်းဆောင်ရွက်မှု လျာထားချက်ဇယားကို လေ့လာကြည့်တဲ့အခါ ကျွန်းနဲ့ သစ်မာ စိုက်ပျိုးမှု လျာထားချက်က တနှစ်ထက်တနှစ် လျော့နည်းကျဆင်းလာပြီး နှစ်စဉ် တိုးမြှင့်ထုတ်လုပ်ဖို့ လျာထားတာဟာ မြန်မာနိုင်ငံရဲ့ သစ်တောဖုံးလွှမ်းတဲ့ ဧရိယာကို လျော့ပါးသွားစေနိုင်တဲ့ စီမံကိန်း လျာထားချက် ဖြစ်နေပါတယ်” ဟု ဇန်နဝါရီလ ၁၆ ရက်နေ့က ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် တနင်္သာရီတိုင်းမှ မဲဆန္ဒနယ် အမှတ် ၁၀ မှ ဦးမြင့်သန်း က ပြောကြားလိုက်ခြင်း
ဖြစ်သည်။

သစ်တောကဏ္ဍ၏ မူဝါဒ ရည်မှန်းချက်လုပ်ငန်းစဉ် ဖော်ပြချက်သည် နိုင်ငံတော်နှင့် ပြည်သူများအတွက် အမှန်တကယ် လိုအပ်ချက် ဖြစ်နေသကဲ့သို့ ဆောင်ရွက်ရမည့် လုပ်ငန်းဇယား လျာထားချက်များမှာလည်း မူဝါဒ ရည်မှန်းချက်များနှင့် လိုက်လျောညီထွေဖြစ်ရန် လိုကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“သစ်ထုတ်လုပ်သည်နှင့်အမျှ ပြန်လည်အစားထိုး စိုက်ပျိုးတာကို နှစ်စဉ် တိုးမြှင့်ဆောင်ရွက်ဖို့ လျာထား တွက်ချက်မှသာ မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်တွေမှာ ဖွင့်ဆိုပြထားတဲ့အတိုင်း နိုင်ငံဝင်ငွေ တိုးပြီး ပြည်သူအများ အစဉ်အကျိုးဖြစ်ထွန်းစေမှာ ဖြစ်ပါတယ်။ ဒါမှ ရာသီဥတုတွေ မှန်ပြီး သဘာဝပတ်ဝန်းကျင် စိမ်းလန်းနေမှာ ဖြစ်ပါတယ်” ဟု ဦးမြင့်သန်း က ထောက်ပြ ပြောဆိုသွားသည်။

မြန်မာနိုင်ငံတွင် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရာသီဥတု မျှတရေးကို အထောက်အကူ
ပြုလျက်ရှိသည့် သစ်တောဧရိယာမှာ ဟတ်တာ ၃၃.၆ သန်းရှိပြီး နိုင်ငံဧရိယာ၏ ၄၉.၆% ခန့်ကို ဖုံးလွှမ်းလျက်ရှိကြောင်း သိရှိရသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates