Monday, January 28, 2013

ပိုမိုအာနိသင်ထက်သည့် ခွေးရူးပြန်ရောဂါ ကာကွယ်ဆေး ထုတ်မည်

ခင်မျိုးသွယ် | တနင်္လာနေ့၊ ဇန်နဝါရီလ ၂၈ ရက် ၂၀၁၃ ခုနှစ် ၁၁ နာရီ ၃၉ မိနစ်

ရန်ကုန် (မဇ္ဈိမ)။   ။ သိုးဦးနှောက်ကို အခြေခံ၍ ခွေးရူးပြန်ရောဂါ ကာကွယ်ဆေး ထုတ်လုပ်ခြင်းထက် ပိုမို အာနိသင် ထက်မြက်သည့် ကြက်၊ ဘဲ သန္ဓေကို အခြေခံ၍ ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးများ ထုတ်လုပ်ရန် စီစဉ်ထားကြောင်း ကျန်းမာရေးဝန်ကြီးက ဆိုသည်။

“ကျန်းမာရေး ဝန်ကြီးဌာနအနေနဲ့ သိုးဦးနှောက်ကို အခြေခံပြီး ထုတ်လုပ်တဲ့ ခွေးရူးပြန်ရောဂါ ကာကွယ်
ဆေးထက် ပိုမိုအာနိသင် ထက်မြက်တဲ့ ကြက်ဘဲ သန္ဓေကို အခြေခံပြီး ထုတ်လုပ်မယ့် ခွေးရူးပြန်
ရောဂါ ကာကွယ်ဆေးတွေကို ထုတ်လုပ်နိုင်ဖို့ ကြိုးပမ်းဆောင်ရွက်သွားပါမယ်” ဟု ဇန်နဝါရီလ ၂၁ ရက်နေ့က ပြုလုပ်သည့် အမျိုးသား လွှတ်တော် အစည်းအဝေးတွင် ကျန်းမာရေးဝန်ကြီး
ဒေါက်တာဖေသက်ခင် က ပြောကြားခဲ့သည်။

သိုးဦးနှောက်ကို အခြေခံထုတ်လုပ်သည့် ခွေးရူးပြန်ရောဂါကာကွယ်ဆေးကို မြန်မာနိုင်ငံအပါအဝင် နှစ်နိုင်ငံလောက်တွင်သာ ထုတ်လုပ်လျက်ရှိနေပြီး နိုင်ငံအများစုမှာ ကြက်ဘဲသန္ဓေကို အခြေခံ၍ ထုတ်လုပ်သည့် ခွေးရူးပြန်ရောဂါကာကွယ်ဆေးကိုသာ ထုတ်လုပ်သုံးစွဲလျက် ရှိသည်ဟု ဆိုသည်။

“အခုအချိန်မှာ ပိုမိုအာနီသင်ထက်မြက်ပြီး ပိုမို ဘေးအန္တရာယ်ကင်းတဲ့ Cell Culture Vaccine (CCV) ဆိုတာ
ပေါ်နေပြီ ဖြစ်ပါတယ်။ CCV ဆိုတဲ့ ကြက်ဘဲ သန္ဓေကနေ ထုတ်တဲ့ ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးကို ကျယ်ကျယ်ပြန့်ပြန့် သုံးလာကြပြီ ဖြစ်ပါတယ်” ဟု ဝန်ကြီးက ဆက်လက် ပြောဆိုသွားသည်။

မြန်မာနိုင်ငံတွင် ၂၀၁၀ ခုနှစ်အတွင်း ခွေးရူးပြန်ရောဂါ ဖြစ်ပွားသူ ၂၀၅ ယောက်ရှိပြီး ၂၀၁၁ ခုနှစ်အတွင်း ၂၄၀ ဦးရှိကာ ဖြစ်ပွားခဲ့သူအားလုံး သေဆုံးခဲ့သည်ဟု ဆိုသည်။

“ခွေးကိုက်ခံရတယ် ဆိုကတည်းက ကာကွယ်ဆေးထိုးနိုင်ဖို့ လိုပါတယ်။ ဘယ်လိုခွေးမျိုး ကိုက်ရင် ကာကွယ်ဆေး ထိုးရမလဲဆိုတဲ့ မေးခွန်းထက် မြန်မာအပါအဝင် အာရှဒေသ၊ အာဖရိကဒေသ၊ အမေရိက မြောက်ပိုင်းရှိ လူတိုင်း ဘယ်ခွေးကိုက်ကိုက် ခွေးရူးပြန်ရောဂါ ကာကွယ်ဆေး ထိုးသင့်ကြောင်းကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်” ဟု ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်တွင် ကိုယ်ပိုင်ဆေးခန်း ဖွင့်ထားသူ အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာ တင်ဆန်း က ပြောသည်။

ကမ္ဘာပေါ်တွင် နှစ်စဉ် ခွေးရူးပြန်ရောဂါကြောင့် သေဆုံးသူ ၅၅,၀၀၀ ဦး ရှိနေကြောင်း သိရသည်။

“ခွေးကိုက်ခံရတယ် ဆိုတာနဲ့ ကာကွယ်ဆေး ထိုးနိုင်အောင် အာနိသင် ထက်မြက်တဲ့ ဆေးတွေ လွယ်လွယ်ကူကူ ရှိနေအောင် စီစဉ်ပေးသင့်ပါတယ်။ လူတိုင်း ဝယ်ယူအသုံးပြုနိုင်အောင်လည်း ပြည်သူတွေ လက်လှမ်းမီတဲ့ ဈေးနှုန်းဖြစ်သင့်ပါတယ်။ အဲဒီလိုမှ မဟုတ်ရင် ခွေးလေခွေးလွင့် နှိမ်နင်းရေးတွေကို ထိထိရောက်ရောက် ဆောင်ရွက်သင့်ပါတယ်” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဦးစီးဌာနမှ ဦးဝင်းထိန် က အကြံပြုပြောဆိုသည်။

မြန်မာနိုင်ငံ စက်မှုဝန်ကြီးဌာနမှ ၂၀၁၀-၁၁ ခုနှစ်အတွင်း ခွေးရူးပြန်ရောဂါ ကာကွယ်ဆေး ၁၇,၄၅၆ လုံး ထုတ်လုပ်ခဲ့ပြီး ၂၀၁၁-၁၂ ဘဏ္ဍာနှစ်အတွင်း ၁၆,၇၂၅ လုံး ထုတ်လုပ်ခဲ့ကြောင်း သိရသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates