Friday, January 25, 2013

လက်ပံတောင်း စီမံကိန်း ရပ်ဆိုင်းခံရလျှင် ဝမ်ပေါင်မှ ဥပဒေအရ ဖြေရှင်းမည်

စောဇင်ညီ | သောကြာနေ့၊ ဇန်နဝါရီလ ၂၅ ရက် ၂၀၁၃ ခုနှစ် ၁၈ နာရီ ၄၅ မိနစ်

ရန်ကုန် (မဇ္ဈိမ)။   ။ အကယ်၍ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းခဲ့ရပါက တရုတ် ဝမ်ပေါင်ကုမ္ပဏီအတွက် များစွာနစ်နာရန်ရှိပြီး စာချုပ်ပါအတိုင်း ဥပဒေအရ လုပ်ဆောင်သွားမည်ဟု ရန်ကုန်-မြန်မာ ဝမ်ပေါင် ကုမ္ပဏီမှ အုပ်ချုပ်မှု မန်နေဂျာ ဦးမြင့်သိန်း က ပြောသည်။

စစ်ကိုင်းတိုင်း၊ မုံရွာ ကြေးနီတောင် စီမံကိန်းရှိ မြေတူးစက်များ။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)

အဆိုပါ စီမံကိန်း ရပ်တန့်သွားပါက မြန်မာနိုင်ငံဘက်မှ လျော်ကြေးငွေ မည်မျှပေးရမည်ကို အတိအကျ မသိရှိနိုင်သေးဘဲ အသေးစိတ် အချက်အလက်များကို စာချူပ်အားလေ့လာပြီးမှသာ ပြောဆိုနိုင်မည်ဟု ဆိုသည်။

“လုပ်ငန်း ရပ်ဆိုင်းသွားရင်တော့ ကုမ္ပဏီအနေနဲ့ တော်တော် နစ်နာမှာပါ။ ဥပဒေ လမ်းကြောင်းအရ
ဖြေရှင်းမှာပါ။ စာချုပ်ပါ အချက်တွေနဲ့ပေါ့။ စီမံကိန်းရပ်သွားရင် မြန်မာပြည် အတွက်လည်း ရင်းနှီးမြှုပ်နှံမှုတွေ အတော်ဆုံးရှုံးနိုင်ပါတယ်” ဟု မဇ္ဈိမကို ပြောသည်။

သို့သော် မြန်မာအစိုးရထံမှ လျော်ကြေးငွေ တောင်းခံမှု ရှိမည်မရှိမည် မသေချာကြောင်းလည်း “တရုတ်နဲ့
မြန်မာက မိတ်ဖက်နိုင်ငံတွေဆိုတော့ လျော်ကြေး တောင်းခံချင်မှ တောင်းခံမှာပါ။ မြန်မာ အစိုးရနဲ့ အရင် ညှိနှိုင်းဦးမှာပါ” ဟု ဦးမြင့်သိန်းက မဇ္ဈိမသို့ ပြောသည်။

မြန်မာဝမ်ပေါင် ကုမ္ပဏီအနေဖြင့် စီးပွားရေး အမြင်ဘက်မှ ကြည့်လျှင် ထိုစီမံကိန်း ရပ်ဆိုင်း မခံရနိုင်ဟု ရာခိုင်နှုန်းပြည့် ယုံကြည်သော်လည်း ယခု ဖြစ်ပေါ်နေသည့် ကိစ္စများသည် နိုင်ငံရေးနှင့် ပတ်သတ်မှုများ ရှိနေသည့်အတွက် ၎င်းတို့ ယုံကြည်မှုကို ပြောရခက်သည်ဟု ဦးမြင့်သိန်း က ဆိုသည်။

ထိုကြေးနီစီမံကိန်း ရပ်ဆိုင်းခံလိုက်ရပါက မြန်မာပြည်တွင်း တရုတ်အပါအဝင် နိုင်ငံတကာ ရင်နှီးမြှုပ်နှံမှုများ တွန့်ဆုတ်သွားနိုင်ကြောင်း ၎င်းက သတိပေးသည်။

မုံရွာမြို့ တဖက်ကမ်း၊ ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းအတွက် ဝမ်ပေါင် ကုမ္ပဏီသည် အမေရိကန်ဒေါ်လာ သန်း ၁,ဝဝဝ အထိ ရင်းနှီးကာ နှစ်ပေါင်း ၃ဝ ကြာ ကြေးနီ ထုတ်လုပ်ခွင့်ကို ဦးပိုင် လီမိတက်နှင့် ၂ဝ၁ဝ ခုနှစ်တွင် သဘောတူ စာချုပ်ချုပ်ဆို လုပ်ကိုင်ခဲ့သည်။ အကျိုးအမြတ် ခွဲဝေရာတွင် မြန်မာအစိုးရက ၁၆.၈ ရာ ခိုင်နှုန်း၊ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်က ၁၃.၈ ရာခိုင်နှုန်း၊ မြန်မာဝမ်ပေါင်ကုမ္ပဏီမှ ၁၃.၃ ရာခိုင် နှုန်း အကျိုးအမြတ် ခွဲရန်စာချုပ်တွင် ပါရှိသည်။

စီမံကိန်းအတွက် ကုန်ကျစရိတ်များကိုမူ မြန်မာဝမ်ပေါင် ကုမ္ပဏီကသာ စိုက်ထုတ်မည် ဖြစ်ကြောင်း
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးက ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်နေ့က ပြုလုပ်သော စာနယ်ဇင်း ရှင်းလင်းပွဲတွင် ပြောဆိုထားသည်။

လက်ပံတောင်း ကြေးနီစီမံကိန်း ကိစ္စဟာ စာချုပ်စာတမ်းနဲ့ လုပ်ဆောင်နေခြင်းကြောင့် ယင်းစာချုပ်များနှင့် ပတ်သတ်သည့် တရားဥပဒေစိုးမိုးရေး၏ သဘောထားကိုပါ လေးစားလိုက်နာဖို့လိုကြောင်း စုံစမ်းရေး
ကော်မရှင်၏ သတင်းစာရှင်းပွဲတွင် ကော်မရှင် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုခဲ့သည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates