Tuesday, January 15, 2013

တောင်တန်းသား သပိတ်ကြောင့် အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေး ပိတ်ထားရ

မဇ္ဈိမသတင်းဌာန | အင်္ဂါနေ့၊ ဇန်နဝါရီလ ၁၅ ရက် ၂၀၁၃ ခုနှစ် ၁၇ နာရီ ၃၈ မိနစ်

နယူးဒေလီ (မဇ္ဈိမ)။   ။ အိန္ဒိယ နယ်စပ်ရှိ တောင်တန်းသားများ ကောင်စီ (HTC)၏ သပိတ်မှောက် ပိတ်ပင်လိုက်ခြင်းကြောင့် မြန်မာနိုင်ငံနှင့် နယ်စပ် ကူးလူးဆက်သွယ်ရေးနှင့် ကုန်သွယ်ရေးများ တနင်္လာနေ့ ညနေမှ စတင်ကာ ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းထားလိုက်ရသည်။

မိုးရေးမြို့ရှိ HTC ဥက္ကဋ္ဌ Jangmang Haokip ၏ နေအိမ်တွင် ဇန်နဝါရီက ၁၄ ရက်နေ့က ပြင်းထန်သော ဗုံးပေါက်ကွဲမှုဖြစ်ပြီးနောက် ညနေ ၇ နာရီမှ စတင်ကာ HTC က သပိတ်မှောက်သည့်အနေဖြင့် တမူး-မိုးရေး နယ်စပ်ကို ပိတ်ပင်လိုက်ခြင်း ဖြစ်ကြောင်း နယ်စပ်မှလာသော သတင်းများက ဆိုသည်။

စစ်သွေးကြွများ၏ တိုက်ခိုက်မှုကြောင့်ဟု ရဲနှင့် အာသံရိုင်ဖယ်က ယူဆနေသော်လည်း ထိုဒေသတွင်
ဖြစ်နေကျ ဆပ်ကြေးတောင်းမှုနှင့် ဆက်စပ်မှုရှိမရှိ စုံစမ်းနေဆဲဟု သိရသည်။

နယ်စပ်ကုန်သွယ်ရေး ပိတ်လိုက်၍ စီးပွားရေးသမား အမျိုးမျိုးအတွက် ထိခိုက်သကဲ့သို့ အစိုးရများ အတွက်လည်း အကောက်ခွန်များ ဆုံးရှုံးရသည်ဟု သုံးသပ်ပြောဆိုကြသည်။ ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ်အတွင်း ထိုနယ်စပ်ဂိတ်မှ ဒေါ်လာ ၇.၁၇၀ သန်းဖိုး ကုန်သွယ်နိုင်ခဲ့သည်။ ယခုအခါ ပဲအမျိုးမျိုး၊ သစ်၊ သံနှင့်သံထည်၊ အသေးစား စက်ပစ္စည်း ကိရိယာနှင့် ဆေးဝါး စသည့် ပစ္စည်း ၆၂ မျိုး ကုန်သွယ်ခွင့်ပြုထားခြင်း ဖြစ်သည်။

ထိုနယ်စပ်ကုန်သွယ်ရေးမှာ အိန္ဒိယဘက်မှ လက်နက်ကိုင် သူပုန်များ၏ မကြာခဏ လမ်းပိတ် သပိတ်မှောက်မှုများ၊ ဆက်ကြေးကောက်ခံမှုများကြောင့် နှောင့်နှေးမှုများဖြင့် တွင်ကျယ်သင့်သလောက် တွင်ကျယ်စွာ မဆောင်ရွက်နိုင်ကြောင်း ကုန်သည်ကြီးတဦးက မဇ္ဈိမကို ပြောဆိုခဲ့သည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates