Tuesday, January 15, 2013

ငါးရှဥ့်နှင့် ဂဏန်းများကို စနစ်နှစ်မျိုးဖြင့် စမ်းသပ်ရောင်းဝယ်ခွင့် ပြုမည်

ခင်မျိုးသွယ် | အင်္ဂါနေ့၊ ဇန်နဝါရီလ ၁၅ ရက် ၂၀၁၃ ခုနှစ် ၁၁ နာရီ ၅၇ မိနစ်

ရန်ကုန် (မဇ္ဈိမ)။   ။ ငါးရှဥ့်နှင့် ဂဏန်းများကို လေလံတင်ဒါစနစ်နှင့် ကြိုက်ရောင်း ကြိုက်ဝယ်စနစ်တို့ဖြင့် နယ်စပ် ကုန်သွယ်ရေး စခန်းများမှတဆင့် စမ်းသပ် ရောင်းဝယ်ခွင့် ပြုပြီဖြစ်ကြောင်း သိရသည်။

“ငါးရှဥ့်နဲ့ ဂဏန်းတွေကို မူဆယ် နယ်စပ်ကုန်သွယ်ရေးစခန်းနဲ့ ချင်းရွှေဟော် နယ်စပ် ကုန်သွယ်ရေး စခန်းတွေက တဆင့် ရောင်းချရာမှာ လေလံတင်ဒါစနစ်နဲ့ရော၊ ကြိုက်ရောင်းကြိုက်ဝယ် စနစ်နဲ့ပါ ရောင်းချ ခွင့်ကို ဇန်န၀ါရီ ၂၁ ရက်နေ့က စပြီး ခွင့်ပြုတော့မှာပါ” ဟု မြန်မာနိုင်ငံ ဂဏန်း လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးနှင်းဦး က ပြောသည်။

မူဆယ် နယ်စပ်ကုန်သွယ်ရေး မှတဆင့် တရုတ်ပြည်သို့ ငါးရှဥ့်နှင့် ဂဏန်း ရောင်းချခြင်းကို ၁၉၉၆ ခုနှစ်တွင် ကြိုက်ရောင်းကြိုက်ဝယ် စနစ်ဖြင့် စတင်ရောင်းချခဲ့သည်။

“အဲဒီ အချိန်တုန်းက လွတ်လွတ်လပ်လပ် ရောင်းဝယ်ခွင့် ရှိတဲ့အတွက် တရုတ် ဝယ်လက်တွေ အနေနဲ့ မြန်မာပြည်ထဲအထိ ဆင်းဝယ်ယူမှုတွေ ရှိခဲ့တယ်။ ကြိုက်ရောင်းကြိုက်ဝယ်စနစ်နဲ့ ရောင်းဝယ်မယ် ဆိုရင် မိမိဘက်က ဈေးကွက်ရရှိဖို့ အခက်အခဲ ရှိနိုင်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ထို့နောက် ငါးရှဥ့်နှင့်ဂဏန်း ရောင်းချခြင်းကို ၂၀၀၆ ခုနှစ်၊ ဇွန်လလယ် မှစ၍ ယနေ့အထိ လေလံစနစ်ဖြင့်
ပြောင်းလဲဆောင်ရွက်ခဲ့သည်။

လက်ရှိအနေအထားတွင် ငါးရှဥ့်နှင့် ဂဏန်းများကို မူဆယ်မှတဆင့် အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီနှင့် ဟိန်းနဒီအောင် ကုမ္ပဏီတို့က အဓိကတင်ပို့လျက်ရှိပြီး ချင်းရွှေဟော်မှတဆင့် ရွှေကွမ်းလုံ၊ သစ္စာမိုး၊ ရှင်းယီတာ၊ ရွှေလောက်ကိုင်နှင့် မန္တလေးမြို့ အခြေစိုက် တိုင်းချစ်ထွန်း ကုမ္ပဏီတို့က အဓိက တင်ပို့လျက်ရှိသည်။

“လေလံစနစ်နဲ့ ရောင်းရတာ ဈေးအတက်အကျ ကြမ်းလွန်းတယ်။ ဂဏန်း ငါးရှဥ့် ရောင်းချသူ အများစုက ကြိုက်ရောင်းကြိုက်ဝယ် စနစ်နဲ့ ရောင်းချလိုကြပါတယ်။ ဒီစနစ်နဲ့ဆိုရင် တရားမဝင် ရောင်းချမှုတွေ မရှိတော့ဘဲ မှန်ကန်စနစ်ကျတဲ့ ကုန်သွယ်မှုတွေ ဖြစ်လာနိုင်ပါတယ်” ဟု ဟိန်းနဒီအောင် ကုမ္ပဏီမှ မန်းနေးဂျင်း ဒါရိုက်တာ ဦးထွန်းလင်းစိုး က ဆိုသည်။

ထို့အပြင် အရည်အသွေး ကောင်းမွန်စွာဖြင့် တန်ဖိုးမြှင့် ထုတ်ကုန်များ ထွက်ရှိလာနိုင်ခြင်း၊ စီးပွားရေး အခွင့်အလမ်းများ ပိုမိုဖြစ်ထွန်းလာခြင်း၊ ဒေသတွင်း ယှဉ်ပြိုင်နိုင်စွမ်း မြင့်မားလာနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဟု သိရသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates