Wednesday, January 16, 2013

ကုန်းတွင်း ရေနံနှင့် သဘာဝဓါတ်ငွေ့ လုပ်ငန်းများတွင် AOI က အများဆုံးမြှုပ်နှံခဲ့

ခင်မျိုးသွယ် | ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီလ ၁၆ ရက် ၂၀၁၃ ခုနှစ် ၁၅ နာရီ ၂၆ မိနစ်

ရန်ကုန် (မဇ္ဈိမ)။   ။ မြန်မာနိုင်ငံရှိ ကုန်းတွင်း ရေနံနှင့် သဘာဝဓါတ်ငွေ့ ရှာဖွေတူးဖေါ်ရေး လုပ်ငန်းများတွင် Asia Orient International (AOI)ကုမ္ပဏီက ဒေါ်လာ သန်း ၆၀ ဖြင့် အများဆုံး ရင်းနှီးမြှုပ်နှံခဲ့ကြောင်း သိရသည်။

“၂၀၁၂ ခုနှစ်အတွင်း ကုန်းတွင်း ရေနံနှင့် သဘာဝဓါတ်ငွေ့ ရှာဖွေတူးဖေါ်ရေး လုပ်ငန်းတွေမှာ မြန်မာ ဘက်က ကုမ္ပဏီတွေနဲ့ ဖက်စပ်လုပ်ကိုင်တဲ့ ကုမ္ပဏီတွေနဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအဖြစ် လုပ်ကိုင်ကြတဲ့ ကုမ္ပဏီတွေထဲမှာ Asia Orient International ကုမ္ပဏီက အမေရိကန် ဒေါ်လာ သန်း ၆၀ နဲ့ အများဆုံး ရင်းနှီးမြှုပ်နှံလာပါတယ်” ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ တာဝန်ရှိသူ တဦးက ပြောသည်။

ကုန်းတွင်း ရေနံလုပ်ကွက်များတွင် တိုင်းရင်းသား ကုမ္ပဏီများနှင့် ပူးပေါင်း လုပ်ကိုင်ရန်အတွက် နိုင်ငံခြား ကုမ္ပဏီများအား စွမ်းအင်ဝန်ကြီးဌာနမှ တင်ဒါခေါ်ယူခဲ့သည်ဟု ဆိုသည်။

ထို့အတူ မုတ္တမ၊ တနင်္သာရီ ကမ်းလွန်လုပ်ကွက်များ၌ ရေနံနှင့် သဘာဝဓါတ်ငွေ့ တူးဖေါ်ခြင်း လုပ်ငန်းများ
ဆောင်ရွက်ရန်အတွက် နယ်သာလန်၊ အင်္ဂလန်၊ ဂျာမနီ စသည့် ဥရောပနိုင်ငံများ၊ အမေရိကန်နိုင်ငံရှိ
ရေနံကုမ္ပဏီများအပြင် အနောက်နိုင်ငံအချို့မှ ရေနံကုမ္ပဏီများပါ ရင်းနှီးမြှုပ်နှံမှု ပြုရန် ဆွေးနွေးမှုများ ရှိနေသည်ဟု ဆိုသည်။

“၂၀၁၂ ခုနှစ်အတွင်း ကုန်းတွင်း သဘာဝဓါတ်ငွေ့နှင့် ရေနံရှာဖွေတူးဖေါ်ရေး လုပ်ငန်းမှာ ဧရာဝတီတိုင်း၊ မကွေးတိုင်းနှင့် မန္တလေးတိုင်းတို့မှာ ပြည်ပကုမ္ပဏီ ၅ ခု လုပ်ကိုင်ခွင့် ရခဲ့ပါတယ်” ဟု အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနမှ တာဝန်ရှိသူ တဦးက ပြောသည်။

အဆိုပါ လုပ်ကိုင်ခွင့်ရ ကုမ္ပဏီများမှာ မကွေးတိုင်းတွင် EPI-Holding-Ltd&Aye Myint Kine ကုမ္ပဏီက မတ်လ ၁၂ ရက်တွင် လည်းကောင်း၊ ဧရာဝတီတိုင်းတွင် Istech Energy EP-5 Pte Ltd.SMART Tech Nical Services Ltd ကုမ္ပဏီက မေလ ၃၀ ရက်တွင်လည်းကောင်း၊ Jubilant Oil & Gas Private  Ltd&Parami Energy Development ကုမ္ပဏီက မတ်လ  ၂၃ ရက်တွင်လည်းကောင်း၊ မန္တလေးတိုင်းတွင် Asia Orient Inter national  ကုမ္ပဏီက မေလ ၃၀ ရက်တွင်လည်းကောင်း၊ Petro nas Carigali Myanmar Inc& U NOG  Pte Ltd ကုမ္ပဏီက မတ်လ ၂၃ ရက်တွင်လည်းကောင်း လုပ်ကိုင်ခွင့်ရရှိခဲ့ကြောင်း သိရသည်။
သဘာဝဓါတ်ငွေ့နှင့် ရေနံထွက်ပစ္စည်းများမှာ မြန်မာနိုင်ငံ၏ အဓိက တင်ပို့ကုန်နှင့် သွင်းကုန်တွင် ပါဝင်ခဲ့ပြီး ၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်မှ ဇူလိုင်လကုန်အထိ ရေနံကို ဒေါ်လာ ၇၀၁.၁၇ သန်းဖိုးအထိ တင်သွင်းခဲ့ပြီး သဘာဝဓါတ်ငွေ့များကို ဒေါ်လာ ၉၃၁.၁၉ သန်းဖိုးအထိ တင်ပို့ ရောင်းချခဲ့ကြောင်း သိရသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates