Tuesday, December 18, 2012

မန္တလေးတိုင်း ဆောက်လုပ်ရေး စီမံကိန်းကြီး နှစ်ခု Royal Hi-Tech လုပ်ကိုင်ခွင့်ရ

ခင်မျိုးသွယ် | အင်္ဂါနေ့၊ ဒီဇင်ဘာလ ၁၈ ရက် ၂၀၁၂ ခုနှစ် ၁၆ နာရီ ၅၃ မိနစ်

ရန်ကုန် (မဇ္ဈိမ)။   ။ မန္တလေးတိုင်း အတွင်းရှိ ဆောက်လုပ်ရေး စီမံကိန်းကြီးနှစ်ခုအား Royal Hi-Tech အုပ်စု ကုမ္ပဏီအား လုပ်ကိုင်ခွင့် ပေးခဲ့ကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

“Royal Hi-Tech ကုမ္ပဏီအနေနဲ့ မြင်းခြံခရိုင်၊ မြို့သာနှင့် နဘူးအိုင်အကြား စီမံကိန်းဧရိယာ ဧက ၁၀,၀၀၀ မှာ စက်မှုဥယျာဉ် (မြို့သာ) စက်မှုအထူးဒေသ တည်ဆောက်ခွင့်ကို ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာ ၁၉ ရက် ရက်စွဲနဲ့ ခွင့်ပြုပေးခဲ့ပါတယ်” ဟု ယင်းဌာနမှ တာဝန်ရှိသူ တဦးက ပြောကြားသည်။

ထို့အပြင် ၎င်းကုမ္ပဏီအနေဖြင့် မြင်းခြံမြို့နယ်၊ ဆီမီးခုံ (ဧရာဝတီဆိပ်ကမ်း) ဒေသရှိ မြေဧက ၃၈၀ တွင် ဆိပ်ခံတံတား တည်ဆောက်ပြီး အထွေထွေ ကုန်ပစ္စည်းတင် သင်္ဘောများ ဆိုက်ကပ်ကာ ကုန်တင်ကုန်ချ ဆိပ်ကမ်းဝန်ဆောင်မှု လုပ်ငန်း လုပ်ကိုင်ခွင့်ကို ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၂၃ ရက်နေ့က ရရှိခဲ့သည်။

အဆိုပါကုမ္ပဏီအနေဖြင့် မန္တလေးတိုင်း စက်မှုဇုန်တွင် ပရိဘောဂစက်ရုံကို ပထမဆုံး တည်ထောင် လုပ်ကိုင်ခဲ့သည်။ ယင်းအပြင် A သုံးလုံး ဘိလပ်မြေစက်ရုံ လုပ်ငန်း၊ ဆောက်လုပ်ရေး လုပ်ငန်းနှင့် ပုဂ္ဂလိက ရေဒီယို အသံလွှင့်လုပ်ငန်းများ လုပ်ကိုင်လျက်ရှိပြီး ကုမ္ပဏီကို ဦးဆောင်ပဲ့ကိုင်သူမှာ စီးပွားရေးလုပ်ငန်းရှင်ကြီး ဦးအောင်ဝင်းခိုင် ဖြစ်ကြောင်း သိရသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates