Thursday, December 20, 2012

ဦးသိန်းစိန် ဖိတ်ကြားချက်အရ OIC အတွင်းရေးမှူးချုပ် မြန်မာပြည် လာမည်

မဇ္ဈိမသတင်းဌာန | ကြာသပတေးနေ့၊ ဒီဇင်ဘာလ ၂၀ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၄၅ မိနစ်

နယူးဒေလီ (မဇ္ဈိမ)။   ။ ကမ္ဘာ့ အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC အတွင်းရေးမှူးချုပ် Ekmeleddin Ihsanoglu ဦးဆောင်သည့် OIC နိုင်ငံခြားရေးဝန်ကြီးများ ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ မကြာမီ လာရောက် လည်ပါတ်ရန်ရှိကြောင်း သိရသည်။

သမ္မတ ဦးသိန်းစိန်၏ ဖိတ်ကြားချက်အရ လာရောက်ရခြင်းဖြစ်ကြောင်း အင်္ဂါနေ့ သတင်းစာရှင်းလင်းပွဲတွင် OIC အတွင်းရေးမှူးချုပ်က ပြောဆိုလိုက်သည်ဟု Arab News တွင် ဖော်ပြပါရှိသည်။


အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့တွင် ကျင်းပမည့် OIC အစည်းအဝေးပွဲတွင် ဆီးရီးယား၊ ပါလက်စတိုင်း၊ မြန်မာနှင့် အစ္စလာမ်မုန်းတီးမှု အရေးကိစ္စရပ်များကို ထည့်သွင်း ဆွေးနွေးသွားမည်ဟု သိရသည်။

သမ္မတ ဦးသိန်းစိန် က OIC ရုံး မြန်မာနိုင်ငံတွင် ဖွင့်ခွင့်ပြုမည် မဟုတ်ကြောင်း အောက်တိုဘာလ ၂၁ ရက်နေ့က ပြောဆိုထားသည်။

ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခများ စတင်ဖြစ်ပွားပြီးနောက် သြဂုတ်လဆန်းပိုင်းတွင် OIC ၏ ကိုယ်စားလှယ်အဖြစ် တူရကီ နိုင်ငံခြားရေး ဝန်ကြီး အာမတ် ဒါဗူတိုဂလူ Ahmet Davutoglu ဦးဆောင်သည့် အဖွဲ့ မြန်မာနိုင်ငံသို့ ရောက်ရှိလာကာ သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံခဲ့ပြီးနောက် ရခိုင်ပြည်နယ်သို့လည်း သွားရောက် လေ့လာခဲ့ကြသည်။

နိုဝင်ဘာ လလယ်က ကျင်းပခဲ့သည့် OIC ၏ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှ မြန်မာနိုင်ငံရှိ ရိုဟင်ဂျာများ၏ နိုင်ငံသားဖြစ်ခွင့်နှင့် နိုင်ငံသား အခွင့်အရေးများ ပြန်လည်ရရှိရေးနှင့် ဒုက္ခသည်များ အမြန်ဆုံးပြန်လာနိုင်ရေးအတွက် ပိုမိုကြိုးစားအားထုတ်ကြရန် အဖွဲ့ဝင် ၅၇ နိုင်ငံအား တိုက်တွန်းဆော်သြထားဖူးသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates