Tuesday, December 25, 2012

မပခ တိုင်းမှုး၏ ရာဇသံ KIO က လက်မခံ

မဇ္ဈိမသတင်းဌာန | အင်္ဂါနေ့၊ ဒီဇင်ဘာလ ၂၅ ရက် ၂၀၁၂ ခုနှစ် ၁၅ နာရီ ၄၆ မိနစ်

နယူးဒေလီ (မဇ္ဈိမ)။   ။ မြန်မာ့တပ်မတော်၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးက ကချင် လွတ်လပ်ရေးတပ် KIA များအား ရှင်းလင်းဆုတ်ခွါပေးရန် “သတိပေး”ချက်အား KIA ဘက်မှ “ကန့်ကွက်ပါကြောင်း” အင်္ဂါနေ့က ပြန်လည် တုန့်ပြန်လိုက်သည်။

ဒီဇင်ဘာလ ၂၃ ရက် နေ့စွဲဖြင့် မပခ တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းထွန်းနောင် က “လဂျားယန် တပ်စခန်းအတွက် အုပ်ချုပ်မှုကိစ္စ ဆောင်ရွက်ရန်ရှိ၍ လမ်းကြောင်းရှိ KIA တပ်ဖွဲ့များ “ဒီဇင်ဘာလ ၂၅ ရက် နောက်ဆုံးထား၍” ဖယ်ရှားပေးရန် ကချင်ပြည်နယ် ငြိမ်းချမ်းရေအကျိုးဆောင်အဖွဲ့ PCG မှတဆင့် အကြောင်းကြားထားခြင်း ဖြစ်သည်။

“ဤသို့ စစ်ရေးနည်းဖြင့် ဖြေရှင်းရန် ရာဇသံပေး ခြိမ်းခြောက်လာမှုကို ဆွေးနွေးရေးအဖွဲ့က ကန့်ကွက်ပါကြောင်း” ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ဒု-ဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်းထံ KIO က ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် တုန့်ပြန်စာ ထုတ်ပြန်လိုက်သည်။

နှစ်ဘက် တွေ့ဆုံဆွေးနွေးနည်းလမ်းဖြင့် ညှိနှိုင်းဆောင်ရွက်နေစဉ် ထိုသို့ တပ်မတော်ပိုင်းမှ တောင်းဆို လာမှုအား ကန့်ကွက်ရခြင်းဖြစ်သည်ဟုလည်း KIO က ဆိုသည်။

ခရစ္စမတ်အကြိုည တနင်္လာ ညဦးပိုင်းတွင်လည်း KIO ဌာနချုပ် လိုင်ဇာနှင့် ၈ မိုင်ခန့်အကွာရှိ KIA တပ်စခန်းရှိရာသို့ အစိုးရတပ်များက လက်နက်ကြီးများဖြင့် စတင်ပစ်ခတ်လာကာ စစ်အင်အားဖြည့်မှု များလည်း များပြားနေကြောင်း ကျောင်းသားတပ်မတော် (မြောက်ပိုင်း) စစ်ရေးတာဝန်ခံ၏ ပြောပြချက်အရ သိရသည်။

သမ္မတ ဦးသိန်းစိန်က နိုင်ငံတဝှမ်း ထိုးစစ်ဆင်ခြင်းများ မပြုရန် တပ်မတော်သို့ ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့ကတည်းက အမိန့်ပေးထားသော်လည်း ကချင်ပြည်နယ်တွင်း တိုက်ပွဲများမှာ ပိုပြင်းထန် လာနေလျက် ရှိသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates