မဇ္ဈိမသတင်းဌာန | ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ ၂၆ ရက် ၂၀၁၂ ခုနှစ် ၂၂ နာရီ ၀၁ မိနစ်
မဇ္ဈိမ၏ ထုတ်ဝေရေးလုပ်ငန်းဖြစ်သော M-ZINE+ က လွန်ခဲ့သော ၁၂ လ အတွင်း အထူးခြားဆုံး အဖြစ်အပျက်ကြီး ၁၀ ခုကို အယ်ဒီတာ့အကြိုက်
ရွေးချယ်ထားပါသည်။
၎င်းတို့အနက် အမှတ် ၁၀ မှ ၇ အထိ ဖော်ပြပြီးဖြစ်၍ ယခု အမှတ် ၆ ကို ဖော်ပြပေးမည်ဖြစ်ပြီး ဒီဇင်ဘာလ ၃၁ ရက်တွင် အထူးခြားဆုံး အဖြစ်အပျက်ကြီးဖြင့် အဆုံးသတ်မည် ဖြစ်သည်။
ကျပ်ငွေ လဲနှုန်းနှင့်ပတ်သက်လာလျှင် မြန်မာပြည်၌ တသမတ်တည်း မရှိခဲ့သည်မှာ နှစ်ပေါင်း အတော်ကြာ ဖြစ်ခဲ့သည်။ အိတ်ထဲရှိ ကျပ်ငွေ အထပ်အတော်များများကို တရားဝင် ဈေးနှုန်းနှင့် တွက်လိုက်မည်ဆိုလျှင် လှေသစ်တစင်းပင် ဝယ်နိုင်တော့မလောက် ထင်ရမည်။ တကယ်တန်း
မှောင်ခိုဈေးနှင့်လဲလိုက်လျှင် ရလာမည့်ငွေက လမ်းဘေးထမင်းဆိုင်တွင် ထမင်းအနပ် အနည်းငယ်သာ စားနိုင်လိမ့်မည်။
မြန်မာ့ဆိုရှယ်လစ်ခေတ် အမိန့်ပေး စီးပွါးရေး အဆောက်အအုံနှင့် ပြည်တွင်း ဖူလုံရေးကို မက်မောနှစ်ခြိုက်လွန်းသည့် မူဝါဒများကြောင့် အစိုးရအနေဖြင့် သူတို့ကျပ်ငွေကို ကလေးလေးပမာ အန္တရာယ် အထွေထွေ မကျရောက်ရအောင် အထူးစောင့်ရှောက်ဖို့ လိုသည်ဟု ထင်မြင်ယူဆခဲ့ကြသည်။ ၁၉၈၈ ခုနှစ်နောက်ပိုင်း ဈေးကွက်စီးပွါးရေး ကျင့်သုံးချိန်မှာပင် ထိုစနစ်ကို စွန့်ရန် အာဏာပိုင်များ စဉ်းစားရန်ပင် ဝန်လေးနေခဲ့သည်။
ကျပ်ငွေကို ကာကွယ်ရန်အတွက် မှောင်ခိုဈေးနှင့် တရားဝင်ဈေးတို့အကြား ကြားခံနှုန်းထားတခု ဖြစ်သည့်
နိုင်ငံခြားငွေ လဲလက်မှတ် (FEC) ကို စတင်အသုံးပြုခဲ့သည်။ ယခု ထို FEC ငွေမှာ ၂၀၁၃ ခုနှစ်တွင် ဖျက်သိမ်းတော့မည် ဖြစ်သည်။
ထို့ပြင် မြန်မာနိုင်ငံ၌ ကုန်ပစ္စည်းချင်း ဖလှယ်ရေး ဈေးကွက်လည်း ရှိခဲ့သည်။ (၁၉၇၀ စုနှစ်များအတွင်းက ကမ္ဘာလှည့် ခရီးသည်များအနေဖြင့် စီးကရက်နှင့် ဂျော်နီဝေါကား အနက်ပတ်ကို မြန်မာကျပ်ငွေဖြင့်
ဈေးကောင်းကောင်းဖြင့် လဲလှယ်နိုင်ခဲ့သည်။) အချို့သောသူများ၊ သြဇာအာဏာရှိသော သို့တည်းမဟုတ် အထောက်အပံ့ အကူအညီ ပေးနိုင်သော အဖွဲ့အစည်းများ၊ ကုမ္ပဏီများ အတွက်ဆိုလျှင်လည်း
ငွေလဲနှုန်းဆိုသည်မှာ `ညှိနှိုင်းဈေး´သာ ဖြစ်သည်။
သို့သော် အကူအညီအထောက်အပံ့များ ပိုရလာဖို့နှင့် ရင်းနှီးမြှုပ်နှံမှု အလားအလာများ ရှိလာဖို့ဆိုလျှင် ကျပ်ငွေလဲနှုန်းနှင့် ပတ်သက်၍ တခုခုလုပ်မှ ရတော့မည် ဖြစ်သည်။ ကမ္ဘာ့ဘဏ် (WB)နှင့် နိုင်ငံတကာ
ငွေကြေးရံပုံငွေအဖွဲ့ (IMF)တို့ ကလည်း ဤအတိုင်းပင် တိုက်တွန်းနေခဲ့ကြသည်။
ဧပြီလတွင်တော့ မြန်မာနိုင်ငံ ဗဟိုဘဏ်က မြန်မာကျပ်ငွေကို အရှင်မျှောသည့် စနစ်ကို စွန့်စွန့်စားစားပင် လုပ်ချလိုက်သည်။ ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားသူများ အလားအလာရှိသူများ အနေနှင့် ထိုအချက်သည် သူတို့ မုချသတိအပြုမိဆုံးအရာ ဖြစ်ပါလိမ့်မည်။

(အမှတ် ၆) ကျပ်ငွေ လဲနှုန်း ပြုပြင်ပြောင်းလဲရေး ပြုလုပ်ခြင်း
ပုံမှာ စက်တင်ဘာလ၊ ၂၀၁၁ ခုနှစ်က ဘဏ်ဝန်ထမ်းများက ကျပ်ငွေများအား ရေတွက်နေစဉ်။ (ဓာတ်ပုံ - AFP) |