Monday, December 17, 2012

ထားဝယ် အထူးစီးပွားရေးဇုန်သို့ မြန်မာသမ္မတ နှင့် ထိုင်းဝန်ကြီးချုပ် လာရောက်

ကွန်းချမ်း | တနင်္လာနေ့၊ ဒီဇင်ဘာလ ၁၇ ရက် ၂၀၁၂ ခုနှစ် ၂၀ နာရီ ၁၉ မိနစ်

စံခလပူရီ (မဇ္ဈိမ)။   ။ မြန်မာ သမ္မတ ဦးသိန်းစိန်နှင့် ထိုင်း ဝန်ကြီးချုပ် ယင်လပ် ရှင်နာဝပ် တို့သည် ပထမဆုံး အကြိမ်အဖြစ် တနင်္သာရီတိုင်းရှိ ထားဝယ် အထူးစီးပွားရေးဇုန်သို့ တနင်္လာနေ့တွင် သွားရောက် လေ့လာခဲ့ကြသည်။

ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းတွင် လုပ်ကိုင်နိုင်စွမ်း ရှိသည့် လုပ်ငန်းရှင်များနှင့် စိတ်ဝင်စားသည့် လုပ်ငန်းရှင် များကို ပူးပေါင်းဆောင်ရွက်ဖို့ ဖိတ်ခေါ်သွားရန် နိုဝင်ဘာလ ၁၉ ရက်နေ့က ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တွင် အဆိုပါ ခေါင်းဆောင်နှစ်ဦး တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီးနောက် သွားရောက် လေ့လာကြခြင်း ဖြစ်သည်။

သမ္မတ အပါအဝင် မြန်မာဘက်မှ ဝန်ကြီးများနှင့် ဒုဝန်ကြီးများက ထိုင်းနိုင်ငံဘက်မှ ဝန်ကြီးချုပ်နှင့် ဝန်ကြီး ၇ ဦးအပြင် စီးပွားရေးလုပ်ငန်းရှင် ၄ဝ နှင့် နာရီဝက်ကြာ တွေ့ဆုံဆွေးခဲ့ကြသည်။

“ဒီစီမံကိန်း အောင်မြင်ဖို့အတွက် နှစ်နိုင်ငံ အစိုးရ ပူးပေါင်းပြီးတော့ အောင်မြင်အောင် ဆောင်ရွက်သွားမယ် ဆိုတာပဲ အဓိက ပြောသွားပါတယ်။ အဓိကကတော့ ဒီကို လာပြီး ဒီမှာ လုပ်နေတဲ့ လုပ်ငန်းကို အားပေးတာပေါ့” ဟု ထားဝယ် စီမံကိန်း အထောက်အကူပြုအဖွဲ့ ဥက္ကဋ္ဌ ဦးတင်မောင်ဆွေ က မဇ္ဈိမကို ပြောသည်။

ထိုင်း ဝန်ကြီးချုပ်၏ မြန်မာပြည် ခရီးစဉ်တွင် ထိုင်း စီးပွားရေး လုပ်ငန်းရှင် ၄ဝ ခန့်ကိုလည်း
ခေါ်ဆောင်လာခဲ့သည်မှာ “စီမံကိန်းနဲ့ ပတ်သက်လို့ ဒီမှာ ခိုင်ခိုင်မာမာ ရှိတယ် ဆိုတဲ့ဟာကို ပြတာပေါ့” ဟု ဦးတင်မောင်ဆွေ က သုံးသပ်သည်။

ဝန်ကြီးချုပ် ယင်လက်၏ ယခုခရီးစဉ်မှာ ထားဝယ်စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံလိုသူများအတွက် ယုံကြည်မှု မြှင့်တက် လာစေရန် မျှော်လင့်ထားကြောင်းလည်း ထိုင်း ပို့ဆောင်ရေးဝန်ကြီး ချာချတ် စစ်တီပွတ် Chadchat Sittipunt က ပြောဆိုထားသည်။

ထိုင်း စီးပွားရေး လုပ်ငန်းရှင်များသည် ထားဝယ် ဒေသတွင် စီးပွားရေး အခွင့်အလမ်းများကို လေ့လာခဲ့ပြီး ထားဝယ်ရှိ ကုန်သည်ကြီးများ အသင်းနှင့် သီးခြား တွေ့ဆုံခဲ့သေးသည်။

အထူး စီးပွားရေးဇုန် စီမံကိန်းအတွက် နှစ်နိုင်ငံ ဆက်သွယ်မည့် ကားလမ်း၊ ရေနက်ဆိပ်ကမ်း ပထမအဆင့်၊ ဓါတ်အားပေး စက်ရုံ၊ ဆက်သွယ်ရေးကွန်ယက်၊ ရေ ရရှိရေး၊ အသေးစား အလတ်စား စက်မှုလုပ်ငန်းများကို ၂ဝ၁၃ ခုနှစ်တွင် စတင် အကောင်အထည်ဖော်မည် ဖြစ်သည်ဟု သိရှိရသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates