Monday, December 17, 2012

ရခိုင်ကွန်ယက်များ ညီလာခံက လက်ပံတောင်း အကြမ်းဖက်မှုကို ရှုတ်ချ

သိန်းလှိုင် | တနင်္လာနေ့၊ ဒီဇင်ဘာလ ၁၇ ရက် ၂၀၁၂ ခုနှစ် ၂၀ နာရီ ၃၄ မိနစ်
   
စစ်တွေ (မဇ္ဈိမ) ။      ။ ၁၈ မြို့နယ်မှ ကိုယ်စားလှယ် ၄၅ ဦး တက်ရောက်သော ရခိုင် လူမှုကွန်ယက်များ ညီလာခံက လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်စဲရေး သပိတ်စခန်းများအား ရဲတပ်ဖွဲ့ဝင်များက အကြမ်းဖက်ဖြိုခွင်းခဲ့မှုကို ရှုတ်ချကြောင်း ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ကြေညာလိုက်သည်။

ဒီဇင်ဘာလ ၁၅ နှင့် ၁၆ ရက်နေ့များတွင် တောင်ကုတ်မြို့၊ ကိုင်းရှည်ရပ်ကွက်ရှိ စေတျာရာမ
ကျောင်းတိုက်၌ ကျင်းပပြုလုပ်သော ရခိုင်ပြည်နယ် ၁၈ မြို့နယ်နှင့် ချင်းပြည်နယ်မှ ပလက်ဝ မြို့နယ်တို့မှ ရခိုင်ကွန်ယက်များ၏ ညီလာခံ အပြီး သဘောထားကြေညာချက်တွင် ထိုသို့ ကန့်ကွက်လိုက်ခြင်းဖြစ်သည်။

“ကျနော်တို့ နိုင်ငံဟာ ဒီမိုကရေစီလမ်းကြောင်းကို သွားနေတဲ့အချိန်မှာ အင်အားသုံး ဖြိုခွင်းလိုက်တာဟာ ကမ္ဘာ့ လူမှုအဖွဲ့အစည်းတွေကြားမှာ အကျည်းတန် အရုပ်ဆိုးစေတဲ့ လုပ်ရပ်ဖြစ်တယ်။ ဒါကြောင့် ဒီလုပ်ရပ်ကို ရခိုင် လူမှုကွန်ယက်အနေနဲ့ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချတယ်” ဟု ညီလာခံ ကျင်းပရေး ကော်မတီ ပြောရေးဆိုခွင့် ရှိသူ ဦးစောဝင်း က မဇ္ဈိမကို ပြောသည်။

ထို့ပြင် ရခိုင်ဒေသပဋိပက္ခကို ဖြေရှင်းရာတွင် ဒေသခံ ရခိုင် တိုင်းရင်းသားတို့၏ ဆန္ဒ သဘောထားကို အလေးထားရေး၊ ရခိုင်ဒေသမှ သယံဇာတများကို ထုတ်ယူ သုံးစွဲရာတွင် ရခိုင်ပြည် သူလူထုအား ရှင်းလင်းထုတ်ပြန်ချက်များ ချပြပြီး ဒေသခံပြည်သူများ၏ သဘောတူညီမှုဖြင့်သာ ထုတ်ယူ ခွဲဝေသုံးစွဲရေးလည်း ကြေညာချက်တွင် ပါဝင်သည်။

နှစ်ရက်တာအတွင်း ကွန်ယက်ချင်း ချိတ်ဆက် ဆောင်ရွက်ရေး၊ ကွန်ယက်များ မှတ်ပုံတင်ရေး၊ ရခိုင်လူမှုကွန်ယက်၏ အလံ၊ အမှတ် တံဆိပ်တို့၏ အဓိပ္ပာယ်ဖွင့်ဆိုချက် ကိစ္စရပ်များ အပါအဝင် ကွန်ယက်၏ ရှေ့လုပ်ငန်းစဉ်များကိုလည်း ဆွေးနွေးခဲ့ကြသည်။

ဒုတိယအကြိမ် ရခိုင်လူမှုကွန်ယက်ညီလာခံကို၂ဝ၁၃ ခုနှစ်၊ ဧပြီလကုန်၌ သံတွဲမြို့တွင် ကျင်းပမည် ဖြစ်သည်။

ရခိုင်ပြည်နယ်အတွင်း လူမှုအသိုင်းအဝိုင်း ပဋိပက္ခများ ဖြစ်ပွားပြီးနောက် စက်တင်ဘာ ၂၅ နှင့် ၂၆ ရက်နေ့များတွင် ရသေ့တောင်၌ ရခိုင်ပြည်သူ့ညီလာခံနှင့် အောက်တိုဘာ ၁၈ တွင် စစ်တွေမြို့၌ ရခိုင်ပြည်လုံးဆိုင်ရာ သံဃာ့ညီလာခံ တို့ကို ကျင်းပခဲ့ကြပြီး ဖြစ်သည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates