Thursday, December 13, 2012

ရိုဟင်ဂျာ ပါမည်ထင်သည့် သင်္ဘောတစင်း စင်္ကာပူမှ ပြန်နှင်လိုက်

မဇ္ဈိမသတင်းဌာန | ကြာသပတေးနေ့၊ ဒီဇင်ဘာလ ၁၃ ရက် ၂၀၁၂ ခုနှစ် ၂၁ နာရီ ၃၄မိနစ်

နယူးဒေလီ (မဇ္ဈိမ)။   ။ မြန်မာ့ပင်လယ်ပြင်မှ ကယ်ဆယ်လာသည့် ရိုဟင်ဂျာ ၄၀ ဦး တင်ဆောင်လာသည်ဟု ယူဆရသည့် သင်္ဘောတစင်းအား စင်္ကာပူနိုင်ငံမှ အကပ်မခံဘဲ မောင်းထုတ်လိုက်ကြောင်း သိရှိရသည်။

တင်ဆောင်လာသော ခရီးသည်များအကြောင်း သတင်းအချက်အလက် မပြည့်စုံ၍ ဗီယက်နမ် မှတ်ပုံတင် ကုန်တင် သင်္ဘောတစင်းအား ဝင်ရောက်ခွင့် ငြင်းပယ်လိုက်ခြင်းဖြစ်ကြောင်း ဆိပ်ကမ်းအရာရှိများက ကြာသပတေးနေ့ က ပြောဆိုလိုက်သည်ဟု Times of Oman သတင်းတရပ်တွင် ပါရှိသည်။

အိန္ဒိယ သမုဒ္ဒရာ အတွင်းရှိ Port Blair ဆိပ်ကမ်းမှ အိန္ဒိယ ပင်လယ်ရေကြောင်း ကယ်ဆယ်ရေး ဌာနက အဆိုပါ ကုန်တင်သင်္ဘော ကက်ပတိန်အား “ကယ်ဆယ်လာသူများကို လုံလုံခြုံခြုံ ကမ်းပေါ် တက်နိုင်ရေး အနီးဆုံး နေရာသို့ ဆက်သွားဖို့” အကြံပေးခဲ့ကြောင်း သိရသည်။

မည်သို့ပင်ဖြစ်စေကာမူ စင်္ကာပူနိုင်ငံသို့ ဆိုက်ကပ်ရာတွင် ဆိပ်ကမ်းဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများ အပေါ်လျှစ်လျူပြုခဲ့သည့်အတွက် ထိုသင်္ဘောသည် အနည်းဆုံး သုံးရက်ကြာ ပင်လယ်ပြင်တွင် ကျောက်ချနေရမည်ဖြစ်ကြောင်း စင်္ကာပူ ရေကြောင်းဌာနက ဆိုသည်။

Australia's Sydney Morning Herald သတင်းစာကြီးကလည်း အဆိုပါ လူ ၄၀ သည် ရိုဟင်ဂျာများ ဖြစ်ပြီး ၎င်းတို့သည် မြန်မာနိုင်ငံမှ ရခိုင်လူမျိုးများနှင့် အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ပြီး ထွက်ပြေးလာသူများဖြစ်ကာ နေထိုင်ရန် နယ်မြေမဲ့များ ဖြစ်သည်ဟု ဆိုထားသည်။

ထို့ပြင် ဒီဇင်ဘာ ၅ ရက်နေ့က ကယ်ဆယ်လိုက်ရသည့် ထိုလူ ၄၀ သည် ကယ်ဆယ်ခြင်းမခံရမီ ပင်လယ်ရေထဲတွင် နာရီ ၃၀ ကြာနေထိုင်ခဲ့ရသည်ဟု ဆိုသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates