Friday, December 21, 2012

ရန်ကုန်တွင် ကျင်းပမည့် ပထမဆုံးသော နှစ်သစ်ကြိုပွဲ

ဘန်ကောက်ပို့စ် | သောကြာနေ့၊ ဒီဇင်ဘာလ ၂၁ ရက် ၂၀၁၂ ခုနှစ် ၂၁ နာရီ ၅၈ မိနစ်

ထိုင်းနိုင်ငံ၏ အကြီးဆုံး ပွဲစီစဉ်ရေး အဖွဲ့ဖြစ်သည့် Index Creative Village (ICV) ကုမ္ပဏီသည်
မြန်မာနိုင်ငံ၏ ပထမဆုံးသော နှစ်သစ်ကြိုဆိုပွဲ(countdown) ကို ရန်ကုန်မြို့တွင် ကျင်းပမည်ဖြစ်ပြီး လူ ၅ဝ,ဝဝဝ ခန့် ပါဝင်ဆင်နွှဲကြ လိမ့်မည်ဟု မျှော်မှန်းထားသည်။

မြန်မာနိုင်ငံ ကုမ္ပဏီခွဲ Myanmar Index Creative Village (MICV) မှတဆင့် ICV ကုမ္ပဏီသည် ရန်ကုန် မြို့လယ်ရှိမြို့မကွင်းတွင် နှစ်သစ်ကြိုဆိုပွဲ ပြုလုပ်ကျင်းပရန် အတွက် ထိုင်း ဘတ်ငွေ ၃၅ သန်း (အမေရိကန်ဒေါ်လာ တသန်း ကျော်ခန့်) အသုံးပြုမည် ဖြစ်သည်။

“ကျနော်တို့ အနေနဲ့ မြန်မာနိုင်ငံအတွက် လမ်းကြောင်းသစ်နဲ့ ပျော်စရာ အခမ်းအနားတခုကို ယူဆောင်လာခြင်း ဖြစ်ပါ တယ်။ မြန်မာနိုင်ငံမှာ အရင်က ဒီလို ကျင်းပခဲ့တာမျိုး မရှိခဲ့တာမို့ မြန်မာနိုင်ငံက လူတွေဟာ နှစ်သစ်ကြိုဆိုပွဲနဲ့ ပတ်သတ်ပြီး အိုင်ဒီယာ မရှိကြပါဘူး” ဟု ကုမ္ပဏီ၏ အရာရှိ Kriangkrai Kanjanapokin က ဆိုသည်။

၂ဝ၁၃ ခုနှစ်၊ နှစ်သစ်ကြိုဆိုပွဲ ကျင်းပစဉ်အတွင်း ရွှေတိဂုံ ဘုရားတွင် လျှပ်စစ်မီးများဖြင့် ထွန်းညှိပူဇော်ထားမည်ဖြစ်ပြီး ကြိုဆိုပွဲ၏ နောက်ခံမြင်ကွင်းအဖြစ် ဖူးမြော်နိုင်မည် ဖြစ်သည်။

ဆင်နွှဲသူများအနက် ၈ဝ ရာခိုင်နှုန်းခန့်မှာ ရန်ကုန် မြို့ခံများ ဖြစ်လိမ့်မည် ဖြစ်ပြီးကျန် နှစ်ဆယ် ရာခိုင်နှုန်းမှာ အခြားမြို့ကြီးမှ လာရောက်ဆင်နွှဲမည်ဟု ခန့်မှန်းထားသည်။ 

နှစ်သစ်ကြိုဆိုပွဲတွင် နာမည်ကြီး မြန်မာ အနုပညာရှင်များ ပါဝင်ဖျော်ဖြေကြမည် ဖြစ်ပြီး ကြိုဆိုပွဲအား Forever Group နှင့် ပူးပေါင်းကာ ရုပ်မြင်သံကြား အစီအစဉ်မှ တိုက်ရိုက် ထုတ်လွှင့်ပေးသွားမည် ဖြစ်သည်။

မစ္စတာ Kriangkrai က ပြောကြားရာတွင် MICV အနေဖြင့် နှစ်သစ်ကြိုဆိုပွဲကို ကျင်းပရန် မြန်မာ အာဏာပိုင်များထံမှ ခွင့်ပြုချက် ရပြီးဖြစ်ကြောင်းနှင့် ကာကွယ်ရေး ဝန်ကြီးဌာန၏ ကွင်းကို အသုံးပြုရန် အတွက် လိုင်စင်ရရှိထားပြီဟု ဆိုသည်။

ပွဲကျင်းပစဉ် လုံခြုံရေးအတွက် တပ်မတော်ဘက်မှ အကူအညီ ရယူမည်ဟု သိရသည်။ 

ပွဲများ စီစဉ်ရာတွင် ကမ္ဘာ့ နံပါတ် ၇ နေရာတွင် ရှိနေသည့် Index ကုမ္ပဏီ အနေဖြင့် မြန်မာနိုင်ငံတွင်
နှစ်သစ်ကြိုဆိုပွဲ ကျင်းပရန်အတွက် မီးဆလိုက်များနှင့် အသံဖမ်း ပစ္စည်းများ အပါအဝင် ကမ္ဘာ့အဆင့်မီ စက်ပစ္စည်းများကို မြန်မာနိုင်ငံ သို့ ပို့ဆောင်ထားမည် ဖြစ်သည်။

“ကျနော်တို့ အနေနဲ့ ဒီနှစ်သစ်ကြိုဆိုပွဲကို အခွင့်အလမ်းတခုအဖြစ် ရင်းနှီးမြှုပ်နှံထားပြီး မြန်မာနိုင်ငံရဲ့ ပွဲစီစဉ်ရေး ကဏ္ဍမှာ စံနှုန်းသစ်တခု ထူထောင်ဖို့ လည်း ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ ကြိုဆိုပွဲသစ်ကို
ထောက်ပံ့ကူညီဖို့ စိတ်အား ထက်သန်တဲ့ ကြော်ငြာအေဂျင်စီတွေလည်း ရှိလိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်” ဟု Kriangkrai က ဆိုသည်။

မကြာသေးခင်ကလည်း အမေရိကန် အဆိုတော်နှင့် တေးရေးဆရာ တဦးဖြစ်သူ Jason Mraz သည် မြန်မာနိုင်ငံသို့ လာရောက်ဖျော်ဖြေခဲ့၍ မြန်မာနိုင်ငံတွင် ပထမဆုံး လာရောက် ဖျော်ဖြေခဲ့သည့်
နိုင်ငံတကာ ကြယ်ပွင့်တဦး ဖြစ်သွား ခဲ့ပြီး ရွှေတိဂုံဘုရားခြေရင်း ပြည်သူ့ရင်ပြင်တွင် ပြုလုပ်ခဲ့သည့် ထိုဖျော်ဖြေပွဲသို့ ပရိသတ် ၅ဝ,ဝဝဝ ခန့် လာရောက် ကြည့်ရှုခဲ့ကြသည်။

မြန်မာနိုင်ငံ၏ ပွဲစီစဉ်ရေး ကဏ္ဍသည် ဘတ် သန်း ၃ဝဝ ခန့် တန်ကြေးရှိပြီး နောက်နှစ်ထဲတွင် အနည်းဆုံး ၂ဝ ရာခိုင်နှုန်း ကြီးထွားလာမည် ဖြစ်သည်။

နှစ်သစ်ကြိုဆိုပွဲ အပြီး နောက်နှစ်ထဲတွင် MICV အနေဖြင့် မြန်မာနိုင်ငံတွင် အနည်းဆုံး နောက်ထပ် ပွဲတော် နှစ်ခုခန့် ကို စီစဉ်ဆောင်ရွက်မည် ဖြစ်သည်။

(ယခုဆောင်းပါးသည် ထိုင်းနိုင်ငံထုတ် The Bangkok Post သတင်းစာတွင် ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလ ၂ဝ ရက်နေ့တွင် ဖော်ပြခဲ့သည့် ဆောင်းပါးဖြစ်သည်။)
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates