Tuesday, December 25, 2012

ဟဲဟိုးတွင် အဲပုဂံ လေယာဉ်ပျက်ကျမှု နှစ်ဦးသေဆုံး

မဇ္ဈိမသတင်းဌာန | အင်္ဂါနေ့၊ ဒီဇင်ဘာလ ၂၅ ရက် ၂၀၁၂ ခုနှစ် ၁၃ နာရီ ၄၆ မိနစ်

အဲပုဂံလေယာဉ်တစ်စီး နှင်းထူထပ်နေခိုက် ဟဲဟိုးလေဆိပ်ကို ဆင်းသက်ရန် လုပ်ဆောင်စဉ် ပျက်စီးမှုဖြစ်ပွားခဲ့ရာ လူနှစ်ဦးသေဆုံးသွားကြောင်း ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစ၀်အောင်မြတ်က အတည်ပြုပြောကြားလိုက်သည်ဟု အပတ်စဉ်ထုတ် ပေါ်ပြူလာသတင်းဂျာနယ်အရ သိရသည်။

နိုင်ငံခြားခရီးသည်အများအပြားတင်ဆောင်သွားသော အဲပုဂံလေကြောင်းလိုင်း၏ သက်တမ်း ၂၂ နှစ် နီးပါးရှိပြီဖြစ်သော
ဖော်ကာ-၁၀၀ အမျိုးအစား လေယာဉ်သည် ရှမ်းပြည်နယ် ဟဲဟိုးတွင် မှားယွင်းဆက်သက်မှုဖြစ်ပြီး ပျက်စီးပွားခဲ့သော ပုံများဖြစ်သည်။ အသက် ၁၁ နှစ် အရွယ် ကလေးငယ် တစ်ဦးအလောင်းကို လေယာဉ်တွင်းမှ တွေ့ရှိရပြီး
လေယာဉ်နှင့် တိုက်မိ၍ လမ်းပေါ်တွင် ဆိုင်ကယ်စီးနင်းနေသူတစ်ဦးလည်း သေသွားခဲ့သည်။ ဓာတ်ပုံ-ထူးအိမ် (Htoo Eain)

အဲပုဂံ၏ W9-011 ရန်ကုန်-မန္တလေး-ဟဲဟိုး ခရီးစဉ်ပျံသန်းသော လေယာဉ်ပျက်ကျမှုက အသက် ၁၁ နှစ်အရွယ် ကလေးငယ် ခရီးသည်တစ်ဦးနှင့် လေယာဉ်နှင့်တိုက်မိ၍ လမ်းပေါ်တွင် ဆိုင်ကယ်စီးနေသူတစ်ဦးကို သေဆုံးသွားစေခဲ့သည်။

” အဲဒီလေယာဉ်ပေါ်မှာ ကမ္ဘာလှည့်ခရီးသွား ၄၇ ဦးပါတယ်။” ဟု ဦးစ၀်အောင်မြတ်ကို ကိုးကားရေးသား ထားသည်။ " သူတို့ရဲ့ ခရီးသွားကုမ္ပဏီတွေနဲ့ အခု အမြန်ဆုံးဆက်သွယ် စီစဉ်နေပါတယ်။ လေယာဉ်ထဲမှာ ကွယ်လွန်သွားတဲ့သူ ဘယ်သူဆိုတာကိုတော့ သေချာအောင်စုံစမ်းနေဆဲပါပဲ"

ဒဏ်ရာရသူ ၁၁ ဦးကို တောင်ကြီး စပ်စံထွန်းဆေးရုံတွင် တင်ပို့ကုသမှုပေးနေသည်ဟု ပေါ်ပြူလာတွင် ပါရှိသည်။

ဒေသခံလူတစ်စုက လေယာဉ်အပျက်အစီးများကို ဓာတ်ပုံရိုက်နေသည်ကို အင်္ဂါနေ့ ဒီဇင်ဘာ ၂၅ ရက်၊ ၂၀၁၂ ခုနှစ်က တွေ့ရစဉ်။ Photo: U Ye Htut Facebook

မျက်မြင်သက်သေတဦးအဆိုအရ လေယာဉ်သည် ကွင်းအတွင်း ထိုးဆင်းသွားချိန်တွင် မီးလောင်နေသည်ဟု ပါရှိသည်။

ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးရဲထွဌ်က လေယာဉ်သည် နှင်းထူထပ်နေခိုက် ဟဲဟိုးကွင်းအတွင်း ဆင်းသက်ရန်လုပ်ရာက ပြေးလမ်းအနီးရှိ လယ်ကွင်းအတွင်း မှားယွင်းဆက်သက်ရာက မီးလောင်သွားခဲ့သည်ဟု ဆိုသည်။

အစောပိုင်းက ပျောက်ဆုံးသည်ဟု သတင်းထွက်ပေါ်နေခဲ့သော ခရီးသည်မှာ ၁၁ နှစ်အရွယ် ကလေးငယ်တစ်ဦးဖြစ်ပြီး လေယာဉ်ပေါ်တွင် အလောင်းတွေ့ရှိခြင်းဖြစ်သည်ဟု သူကပြောသည်။ နိုင်ငံခြားသားလေးဦးအပါအ၀င် လူ ၁၁ ဦးကို ဆေးရုံတင်ထားရသည်ဟု ပါရှိသည်။

ဒုဝန်ကြီးပြောကြားချက်တွင် ခရီးသည် ၆၃ ဦးတွင် ၅၁ ဦးမှာ နိုင်ငံခြားသားများဖြစ်ကာ လေယာဉ်အမှုထမ်း
ခြောက်ဦးနှင့် လုံခြုံရေးအရာရှိ နှစ်ဦးလည်း သက်တမ်း ၂၂ နှစ်ရှိပြီဖြစ်သော လေယာဉ်ပေါ်တွင် ပါရှိသည်ဟု ဆိုသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates