Thursday, December 13, 2012

ဘင်္ဂါလီ အကျဉ်းသား ၁၅ ဦး ဘင်္ဂလားဒေ့ရှ်သို့ လွှဲပြောင်းပေးလိုက်

မဇ္ဈိမသတင်းဌာန | ကြာသပတေးနေ့၊ ဒီဇင်ဘာလ ၁၃ ရက် ၂၀၁၂ ခုနှစ် ၁၈ နာရီ ၅၁ မိနစ်

နယူးဒေလီ (မဇ္ဈိမ)။   ။ ရခိုင်ပြည်နယ် အကျဉ်းထောင်များတွင် လွန်ခဲ့သည့် ၃ လအတွင်း ကျခံနေရသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၁၅ ဦးကို နိုင်ငံရင်းသို့ ဗုဒ္ဓဟူးနေ့က လွှဲပြောင်းပေးအပ်လိုက်သည်။

မောင်တောမြို့တွင် ပြုလုပ်ခဲ့သော နှစ်နိုင်ငံ နယ်မြေခံတပ်ရင်းများအဆင့် ဆွေးနွေးပွဲတွင် ထိုသို့ လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် အခြေစိုက် The Daily Star သတင်းတရပ်တွင် ဖော်ပြပါရှိသည်။

စစ်တကောင်း အခြေစိုက် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်မှ ဒုဗိုလ်မှူးကြီး ဇာဟစ် ဟက်ဆန်နှင့် မြန်မာနိုင်ငံ၏ လူဝင်မှု စစ်ဆေးရေးနှင့် ကွပ်ကဲရေး (နစက) အရာရှိများ ဆွေးနွေးပွဲတွင် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှု၊ တရားမဝင် ကျူးကျော်ဝင်ရောက်မှုကိစ္စရပ်များနှင့် နယ်စပ်တလျှောက် ငြိမ်းချမ်းရေးနှင့် ငြိမ်ဝပ်ပိပြားမှု ထိန်းသိမ်းရေးကို ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

လွှဲပြောင်းပေးအပ်လိုက်သည့် အကျဉ်းသားများမှာ မည်သည့်အမှုခင်းများဖြင့် ပြစ်ဒဏ်ကျခံခဲ့ရသည်ကိုမူ မသိရှိရပေ။ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်မြေ ထိစပ်မှာ ၂၇၁ ကီလိုမီတာ ရှည်လျားသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates