Friday, December 21, 2012

မြန်မာ့ဆန်ဖြူ နှစ်မျိုး ဂျပန်သို့ ပထမဆုံး ရောင်းချရန် စီစဉ်

ခင်မျိုးသွယ် | သောကြာနေ့၊ ဒီဇင်ဘာလ ၂၁ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၁၀ မိနစ်

ရန်ကုန် (မဇ္ဈိမ) ။      ။ မြန်မာနိုင်ငံတွင် စိုက်ပျိုးထုတ်လုပ်သည့် ဆင်းသွယ်လတ်နှင့် မှော်ဘီ ဆန်ဖြူ နှစ်မျိုးကို ဂျပန်နိုင်ငံသို့ တင်ဒါစနစ်ဖြင့် ရောင်းချနိုင်ရန် စီစဉ်လျက်ရှိကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်က ဆိုသည်။

မြန်မာ့ ဆန်ဖြူများကို ဝယ်ယူရန်အတွက် ဂျပန် စိုက်ပျိုးရေး၊ သစ်တောနှင့် ငါးဖမ်းဝန်ကြီးဌာနမှ ကိုယ်စားလှယ်အဖွဲ့ သည် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်၊ မြန်မာ့ လယ်ယာစီးပွား အများပိုင် ကော်ပိုးရေးရှင်းနှင့် မြန်မာနိုင်ငံ တောင်သူလယ်သမား အသင်းတို့မှ တာဝန်ရှိသူများနှင့် ဒီဇင်ဘာ ၁၃ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့သည်။

“ဂျပန်နိုင်ငံက မြန်မာဆန်ဖြူကို ဂလိုဘယ် တင်ဒါစနစ်နဲ့ ဝယ်ယူဖို့ရှိတာကြောင့် စပါး စိုက်ခင်းတွေကို လိုက်ပြတော့ ဆင်းသွယ်လတ်နဲ့ မှော်ဘီ ဆန်နှစ်မျိုးကို ဝယ်ယူပေးနိုင်တယ် ပြောတယ်။ ဂလိုဘယ် တင်ဒါစနစ်မှာ ထည့်ခေါ်မယ် ပြောတယ်။ ၂ဝ၁၃ ခုနှစ်၊ ဖေဖေါ်ဝါရီလမှာ တင်ဒါထွက်မှာပါ” ဟု ဆန်စပါး အသင်းချုပ်မှ ဒေါက်တာစိုးထွန်း က ပြောသည်။

ယင်း တင်ဒါ အောင်မြင်ပါက လေလံအောင် ဆန်တန်ချိန်အတိုင်း တင်ပို့ရောင်းချရမည်ဟု ဆိုသည်။

“ဂျပန်နိုင်ငံမှာ တင်ဒါဝင်မယ့် ကုမ္ပဏီ သို့မဟုတ် နိုင်ငံအနေနဲ့ ဂျပန်နိုင်ငံမှာ ရုံးခန်း-ကုမ္ပဏီ ရှိရမယ်ဆိုလို့ လောလော ဆယ် ဂျပန်မှာ ရုံးခန်းဖွင့်ဖို့ ဆောင်ရွက်နေပါပြီ” ဟု ၎င်းက ဆက်ပြောသည်။

ဂျပန်နိုင်ငံအနေဖြင့် ဆန်ကို တင်ဒါစနစ်ဖြင့် ဝယ်ယူရာတွင် ယခင်က အမေရိကန်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ အဓိက ဝယ်ယူခဲ့ကြသည်။

“ဂျပန်နိုင်ငံအနေနဲ့ အဓိက ဆန်ဝယ်ယူနေတဲ့ နိုင်ငံတွေထဲက ထိုင်းနိုင်ငံရဲ့ဆန်ဈေးက
မြင့်တက်လာတာကြောင့် မြန်မာနိုင်ငံဘက်က ဆန်ကို အစားထိုး ဝယ်ယူတာဖြစ်တယ်လို့ ဂျပန်ကိုယ်စားလှယ်အဖွဲ့က ပြောသွားပါတယ်။ မြန်မာနိုင်ငံက ဝယ်ယူဖြစ်မယ့် ဆန်တွေကို အဆင့်မြင့် စားသောက်ကုန်တွေ ထုတ်လုပ်ရာမှာ အသုံးပြုမယ်လို့ သိရပါတယ်” ဟု တောင်သူ လယ်သမား အသင်းချုပ် ဥက္ကဋ္ဌက ပြောသည်။

“တင်ပို့ ရောင်းချမယ့် ဆန်တွေမှာ ဓါတုဗေဒ ဆေးတွေ အလွန်အကျွံ မသုံးစွဲထားဖို့၊ မှိုမတက်စေဖို့၊ အရည်အသွေးကောင်းဖို့ လိုအပ်ပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

အဆိုပါ ဆန်များကို ဂျပန်နိုင်ငံသို့ တင်ပို့ရောင်းချနိုင်ရန် အတွက် တောင်သူများအနေဖြင့် ဖြစ်နိုင်ပါက သုံးစွဲသည့် ဓါတ်မြေသြဇာ အမျိုးအစား၊ အသုံးပြုသည့် ပမာဏတို့ကို မှတ်တမ်း တင်ထားပေးရန် လိုအပ်သည်ဟု ဆိုသည်။

လက်ရှိ မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ ၂ဝ၁၂-၁၃ ဘဏ္ဍာနှစ်အတွင်း ဒီဇင်ဘာလ ၂ဝ ရက်နေ့အထိ ဆန်တန်ချိန် ၈၄၃,၅ဝဝ တင်ပို့ပြီးဖြစ်ကြောင်း သိရသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates