Thursday, December 13, 2012

တဦးချင်း နယ်စပ်ကုန်သွယ်ခွင့်ကတ်လူ ၄၀ ကျော် လျှောက်ထား

ခင်မျိုးသွယ် | ကြာသပတေးနေ့၊ ဒီဇင်ဘာလ ၁၃ ရက် ၂၀၁၂ ခုနှစ် ၁၈ နာရီ ၅၂ မိနစ်

ရန်ကုန် (မဇ္ဈိမ) ။       ။ နယ်စပ်ကုန်သွယ်ရေး စခန်းများမှ တဦးချင်း ကုန်သွယ်ခွင့် ကတ်များကို
လျှောက်ထား တင်သွင်းခွင့် ပြုလျက်ရှိရာ လျှောက်ထားသူ ၄၀ ကျော် ရှိနေကြောင်း နယ်စပ်ကုန်သွယ်ရေး ဦးဌာနက ဆိုသည်။

“တဦးချင်း ကုန်သွယ်ခွင့် ကတ်တွေကို နယ်စပ် ၃ ခုကနေ စမ်းသပ်တဲ့အနေနဲ့ ခွင့်ပြုခဲ့ရာမှာ ဒီဇင်ဘာ ၁၂ ရက်နေ့ အထိ တမူးနယ်စပ်ကုန်သွယ်ရေးစခန်းကနေ ၂၂ ဦး၊ မူဆယ် နယ်စပ်ကုန်သွယ်ရေးစခန်းက ၁၅ ဦး၊ မြဝတီနယ်စပ် စခန်းမှာ ၄ ဦး စုစုပေါင်း ၄၁ ဦး လာရောက် လျှောက်ထားတာ တွေ့ရပါတယ်” ဟု ယင်းဌာနမှ တာဝန်ရှိသူ တဦးက မဇ္ဈိမကို ပြောသည်။

ထို ကုန်သွယ်ခွင့်ကတ်ဖြင့် တရက်လျှင် ကျပ် ၁၀ သိန်းဖိုး သီတင်းတပတ်လျှင် ၅ ရက် ကုန်သွယ်နိုင်ကာ၊ တပတ် အတွင်း ကျပ်သိန်း ၅၀ ဖိုးကို တကြိမ်တည်း ကုန်သွယ်မှုမျိုးလည်း ပြုလုပ်နိုင်သည်။

“တဦးချင်း ကုန်သွယ်ခွင့်ကတ်တွေနဲ့ သက်ဆိုင်ရာ နယ်စပ် စခန်းတွေကနေ ခွင့်ပြုထားတဲ့ ကုန်ပစ္စည်းတွေကိုပဲ ကုန်သွယ်ခွင့် ပေးတာပါ။ အဓိက ကတော့ တရားမဝင် ကုန်သွယ်မူတွေ ပပျောက်ဖို့နဲ့ ကုမ္ပဏီ မထူထောင်နိုင်တဲ့ နယ်စပ် ဒေသခံတွေအတွက် ကုန်သွယ်မှု လွယ်လွယ်ကူကူနဲ့
ဆောင်ရွက်နိုင်အောင် စီစဉ်ပေးတဲ့သဘောမျိုးပါ”ဟု နယ်စပ် ကုန်သွယ်ရေး စခန်းတခုတွင် ကုန်သွယ်ခွင့်ကတ် လျှောက်ယူပြီးသူ တဦးက ဆိုသည်။

ထို့အပြင် လက်သေးသမားများအတွက် တရားဝင် ကုန်တင်သွင်းခွင့် ရရှိလာ၍ ပြည်တွင်းမှ ဝယ်ယူသုံးစွဲသူတို့ အတွက် သက်သာသော ဈေးနှုန်း ရရှိလာနိုင်ကြောင်း အိန္ဒိယနိုင်ငံရှိ မိုးရေးမြို့မှ ချည်ကုန်သည်လေးတဦးက ဆိုသည်။

“အရင်က မတော်တဆ တမူးမှာ ဖမ်းလိုက်ရင် ကာမိအောင် ဈေးလိုက်တက်ရတယ်။ တင်သွင်းခွင့်ရှိသူက
ဈေးကိုင်နိုင်တယ်။ ခုတော့ လက်သေးသမားတွေလည်း တရားဝင်ခွင့်ပြုလိုက်ရင် ဈေးသက်သက်သာသာနဲ့ ယက္ကန်းသမားတွေ ဆီ ရောက်နိုင်မှာပါ” ဟု မဇ္ဈိမကို ပြောသည်။

လက်ရှိအချိန်တွင် တရားဝင် လုပ်ကိုင်ခွင့်ပေးခဲ့သည့် နယ်စပ်စခန်းများမှ အားနည်းချက်၊ အားသာချက်များကို စောင့်ကြည့်လေ့လာကာ အားသာချက်များပြီး လုပ်သာကိုင်သာမှုများ ရှိပါက ကျန်နယ်စပ်စခန်းများကိုလည်း တဦးချင်း ကုန်သွယ်ခွင့် ကတ်များကို တဖြည်းဖြည်းချင်း ခွင့်ပြုသွားမည်ဟု ဆိုသည်။

“အခု ခွင့်ပြုထားတဲ့ အနေအထားမှာ သွင်းကုန်အမယ် တခုခုမှာ ကုမ္ပဏီကြီးတွေဘက်က နစ်နာမှုရှိတယ်ဆိုရင် တလအကြာမှာ ပြုလုပ်မယ့် အလုပ်ရုံဆွေးနွေးပွဲမှာ ပြန်လည်ဆွေးနွေးမှာ
ဖြစ်ပါတယ်” ဟု နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူ တဦးက ပြောဆိုသည်။

မြန်မာနိုင်ငံ၏ လက်ရှိ နယ်စပ်ကုန်သွယ်ရေးစခန်းများအဖြစ် မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီး၊ တာချီလိတ်၊ မြဝတီ၊ ကော့သောင်း၊ မြိတ်၊ ထီးခီး၊ စစ်တွေ၊ မောင်တော၊ တမူး၊ ရိဒ်ခေါဒါ တို့တွင် စခန်း ၁၃ ခု ဖွင့်လှစ်ထားကြောင်း သိရှိရသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates